လေဖြတ်တာလား၊ နှလုံး တိုက်ခိုက်ခံရတာလား
လူတစ်ယောက် ရုတ်တရက် သတိလစ်မေ့မြောတာ အသက်ဆုံးရှုံးတာ ဖြစ်စေနိုင်တဲ့ အဓိက ရောဂါနှစ်ခုကတော့ လေဖြတ်တာနဲ့ နှလုံးတိုက်ခိုက်ခံရခြင်း တို့ဖြစ်ပါတယ်။
လေဖြတ်တာရော၊ နှလုံးတိုက်ခိုက်ခံရတာရော နှစ်မျိုးလုံးရဲ့ လက္ခဏာတွေက ရုတ်တရက် ထဖြစ်တာပါ။ ဒီနှစ်မျိုးက ရောဂါလက္ခဏာတွေ တူတာရှိသလို မတူတာတွေလည်း ရှိပါတယ်။
လေဖြတ်တာရဲ့ အဖြစ်များတဲ့လက္ခဏာကတော့ ရုတ်တရက် ခေါင်းအရမ်းကိုက်တာ ဖြစ်ပါတယ်။ ဦးနှောက်တိုက်ခိုက်ခံရတယ်လို့ တင်စားပြောဆိုပါတယ်။
နှလုံးတိုက်ခိုက်ခံရရင်တော့ ရင်ဘတ်အောင့်ပါတယ်။ ဒီနှစ်မျိုးရဲ့လက္ခဏာတွေကို ကွဲကွဲပြားပြား သိထားမယ်ဆိုရင် ထိရောက်တဲ့ အကူအညီတွေကို ပေးနိုင်ပါလိမ့်မယ်။
>> ရောဂါလက္ခဏာများ
ရောဂါနှစ်မျိုးလုံးရဲ့ လက္ခဏာတွေကတော့ ပြင်းထန်မှု၊ လူနာအသက်အရွယ်၊ လိင်အမျိုးအစား၊ ကျန်းမာရေး အခြေအနေအပေါ် မူတည်နေပါတယ်။
>> ရောဂါဖြစ်စေသော အကြောင်အရင်းများ
လေဖြတ်တာရော၊ နှလုံးတိုက်ခိုက်ခံရတာရော နှစ်မျိုးစလုံးကတော့ သွေးလွှတ်ကြောတွေ ပိတ်ဆို့သွားလို့ ဖြစ်ကြရတာပါ။
>> လေဖြတ်တာလား၊ နှလုံးတိုက်ခိုက်ခံရတာလာဆိုတာကို ရောဂါဘယ်လိုရှာဖွေသတ်မှတ်မလဲ?
လေဖြတ်တဲ့လက္ခဏာတွေ့ရင် ဆရာဝန်က ရောဂါအကြောင်း မြန်မြန်မေးပြီးတော့ သုံးသပ်ပါလိမ့်မယ်။ ဦးနှောက်ကို ကွန်ပျူတာဓာတ်မှန်ရိုက်တာ (CT) လုပ်ကြည့်လိုက်ရင် ဦးနှောက်ထဲမှာ သွေးထွက်နေတာနဲ့ သွေးစီးဆင်းမှုနည်းလို့ ခံစားနေရတဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို တွေ့နိုင်ပါတယ်။ MRI လည်း လုပ်ခိုင်းနို်င်ပါတယ်။
နှလုံးတိုက်ခိုက်ခံရတာအတွက်တော့ စစ်ဆေးမှုအမျိုးမျိုးလုပ်ဖို့ လိုပါတယ်။ နှလုံးကြွက်သားတွေ ကျန်းမာမှု ရှိ၊ မရှိ ကြည့်ဖို့အတွက် နှလုံးလျှပ်စစ်ဓာတ်မှန်ရိုက်ခြင်း (ECG) လုပ်ခိုင်းပါလိ့မ်မယ်။
သွေးစစ်ခြင်း၊ နှလုံးထဲကို ပြွန်ထည့်ခြင်းတွေလည်း လုပ်နိုင်ပါတယ်။
>> ကုထုံးများ
နှလုံးတိုက်ခိုက်ခံရခြင်း - ဆေးဝါးတွေ၊ နေထိုင်မှုပုံစံ အပြောင်းအလဲတွေအပြင် နှလုံးသွေးကြောထဲကို ပြွန်ထည့်တဲ့ခွဲစိတ်မှုတွေလုပ််ဖို့ လိုတတ်ပါတယ်။ ဒါကတော့ ခန္ဓာကိုယ်အခြားနေရာက သွေးကြောအပိုင်းလေးတစ်စကို ဖြတ်ပြီးတော့ ပိတ်နေနဲ့သွေးကြောနဲ့ ဆက်ပေးတာပါ။ ဒါက ပိတ်နေတဲ့နေရာကသွေးတွေ စီးဆင်းဖို့အတွက် လမ်းလွှဲပေးလိုက်တဲ့သဘောပါ။
ဒီလိုမျိုး ခံယူပြီးရင်တော့ နှလုံး ပြန်လည်ကျန်းမာ သန်စွမ်းစေဖို့အတွက် ထူထောင်ရေးကုထုံးတွေမှာ ပါဝင်ဖို့လိုပါတယ်။ ဒီကုထုံက ရက်သတ္တပတ် အတော်ကြာပြီးတော့ စောင့်ကြည့်ပြီး လေ့ကျင့်ခန်းလုပ်ခိုင်းခြင်း၊ နေထိုင်မှုပုံစံ၊ အစားအစာနဲ့့ ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးခြင်း၊ နှလုံးကျန်းမာစေဖို့အတွက် သောက်ဆေးများပေးခြင်းတို့ ပါဝင်ပါတယ်။ ပြီးရင် အရက်၊ ဆေးလိပ်တွေ ရှောင်ဖို့လိုပြီး စိတ်ဖိစီးမှုမရှိအောင်လည်း နေဖို့လိုပါတယ်။
>> လေဖြတ်ခြင်း
ဦးနှောက်သွေးကြောထဲမှာ သွေးခဲပိတ်လို့ လေဖြတ်တာဆိုရင် လက္ခဏာစပြပြီး နာရီအနည်းငယ်အတွင်း ဆေးရုံရောက်ပါက သွေးခဲကျေစေတဲ့ဆေး ပေးပါလိမ့်မယ်။ သွေးကြောထဲက သွေးခဲတွေကို ကိရိယာသုံးပြီးလည်း ချေနိုင်ပါတယ်။
နှလုံးသွေးကြောပေါက်လို့ ပျက်စီးသွားတဲ့သွေးကြောကို ခွဲစိတ်ပြီး ပြန်ပြင်ဖို့လိုပါတယ်။ တစ်ခါတလေမှာ ပေါက်သွားတဲ့ သွေးကြောအစိတ်အပိုင်းလေးကို ပြန်ပြီး အထူးညှပ်နဲ့ ညှပ်ရတာမျိုးလည်း လုပ်လို့ရပါတယ်။
>> Outlook
လေဖြတ်ပြီး (သို့) နှလုံးတိုက်ခိုက်ခံရပြီးနောက် နောက်ဆက်တွဲရလဒ်က ရောဂါရဲ့ပြင်းထန်မှုနဲ့ ကုသမှု ဘယ်လောက်စောစောရလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ လေဖြတ်ထားတဲ့ တချို့လူတွေဆိုရင် အချိန်အတော်ကြာအောင် လမ်းလျှောက်တဲ့နေရာ၊ စကားပြောတဲ့နေရာတွေမှာ အခက်အခဲတွေ ကြုံနေရပြီးတော့ တစ်ချို့ဆိုရင် ဦးနှောက်လုပ်ဆောင်ချက်တွေ ရာသက်ပန် ပျက်စီးသွားတာမျိုး ကြုံရတတ်ပါတယ်။ ရောဂါလက္ခဏာ စပြပြီးတော့ သိပ်မကြာသေးခင်မှာ ကုသမှုရရှိတယ်ဆိုရင် လုံးဝပြန်ကောင်းနိုင်ပါတယ်။
နှလုံးတိုက်ခိုက်ခံရပြီးနောက်မှာတော့ အောက်ပါအချက်တွေကို လိုက်နာမယ်ဆိုရင် အရင် နှစ်သက်ခဲ့တဲ့အလုပ် အတော်များများကို ပြန်လုပ်နိုင်ပါလိမ့်မယ်။
● ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာပါ။
● နှလုံး ပြန်လည်သန်စွမ်းရေး ကုထုံးတွေမှာ ပါဝင်ပါ။
● ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေထိုင်မှုပုံစံနဲ့ နေထိုင်ပါ။
ကိုယ့်ရဲ့သက်တမ်းက ကိုယ် ဘယ်လောက် နှလုံးကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေကို လိုက်နာလဲ ဆိုတဲ့ အချက်တွေအပေါ် မူတည်ပါတယ်။ နှလုံးတိုကခိုက်ခံရရင် (သို့) လေဖြတ်ပြီးရင်တော့ ပြန်လည်သန်စွမ်းရေး ကုထုံးခံယူပြီး လိုက်နာဖို့ အရေးကြီးပါတယ်။ အနာခံမှ အသာစံရမှာပါ။
>> ကာကွယ်ခြင်း
လေမဖြတ်အောင် ကာကွယ်နိုင်တဲ့နည်းလမ်းတွေက နှလုံးတိုက်ခိုက်ခံရနိုင်ချေကိုလည်း လျော့ကျစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒါတွေကတော့ -
● သွေးပေါင်ချိန်နှင့် သွေးတွင်းကိုလက်စရောပမာဏကို ကျန်းမာရေးနဲ့အညီ ထိန်းသိမ်းထားခြင်း
● ဆေးလိပ်မသောက်ခြင်း
● ကျန်းမာရေးနဲ့ ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းထားခြင်း
● အရက်ကို အကန့်အသတ်နှင့်သာ သောက်ခြင်း
● သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်ထိန်းထားခြင်း
● လေ့ကျင့်ခန်းလုပ်ခြင်း နေ့တိုင်းမဟုတ်ရင်တောင် တစ်ပတ်ကို ၄-၅ ရက်လောက်တော့ လုပ်ပါ။
● ပြည့်ဝဆီ၊ သကြားနဲ့ ဆားပါဝင်မှုနည်းသော အစားအစာများ စားသုံးခြင်း
အသက်ကြီးလာတာနဲ့ မိသားစုရာဇဝင်စတဲ့ အချက်တွေကိုတော့ ထိန်းချုပ်လို့မရပါဘူး။ ဒါပေမဲ့လည်း တတ်နိုင်သမျှ ကျန်းမာရေးနဲ့အညီ နေထိုင်ခြင်းအားဖြင့် နှလုံးတိုက်ခိုက်ခံရနိုင်ချေနဲ့ လေဖြတ်နိုင်ချေကို လျော့ကျစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























