လေဖြတ်တဲ့လက္ခဏာတွေကို ဘယ်လိုသိပြီး ဘယ်လိုကာကွယ်ကြမလဲ?
လေဖြတ်တယ်ဆိုတာက ဦးနှောက်ကို သွေးထောက်ပံ့မှု ပြတ်တောက်သွားလို့ ဖြစ်တာပါ။ ဒါက အသက်အန္တရာယ်တောင် ရှိနိုင်တဲ့ ပြင်းထန်တဲ့ပြဿနာတစ်ခု ဖြစ်ပါတယ်။
>> ဘယ်သူတွေမှာ လေဖြတ်နိုင်ခြေ ရှိသလဲ?
၂၀၁၅ ခုနှစ်မှာဆိုရင် လေဖြတ်တာက သေဆုံးမှုဖြစ်စေတဲ့ ဒုတိယအများဆုံး အကြောင်းအရင်းလို့ ကမ်ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ ပထမကတော့ နှလုံးသွေးကြော ပိတ်တာပါ။ သက်ကြီးရွယ်အိုတွေမှာ လေဖြတ်နိုင်ခြေ ပိုများပါတယ်။ ဒါပေမဲ့လည်း ကလေးကစပြီး အရွယ်တိုင်း လေဖြတ်နိုင်ပါတယ်။
>> ရောဂါလက္ခဏာများ
လေဖြတ်တာရဲ့ အဓိကလက္ခဏာတွေထဲက တစ်ခုကတော့ မျက်နှာတစ်ဖက်က ကြွက်သားတွေ ဆွဲသွားပြီးတော့ မပြုံးနိုင်တော့တာပါ။ တချို့မှာဆိုရင် ပါးစပ်နဲ့ မျက်လုံးနားတစ်ဝိုက်မှာလည်း တွဲကျလာတာကို တွေ့ရပါတယ်။ လေဖြတ်တဲ့ လူအများစုက လက်တွေက ကြွက်သားတွေထုံပြီး အားနည်းသွားတဲ့အတွက် လက်မမြှောက်နိုင်တော့ပါဘူး။ စကားသံတွေကလည်း မပီမသဖြစ်လာမယ်။ တစ်ခါတလေဆို စကား လုံးဝမပြောနိုင်တော့တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ တွေ့ပြီဆိုရင်တော့ အရေးပေါ်ဌာနကိုသာ အမြန်ဆုံးသွားပါတော့။ လေဖြတ်တဲ့သူအတွက် အချိန်က အရေးကြီးဆုံးပါ။ မြန်မြန်ကုသမှု ခံယူနိုင်လေလေ အမြဲတမ်း ထိခိုက်ပျက်စီးမှု ဖြစ်တာတွေကို နည်းစေလေပါပဲ။
>> ကာကွယ်ခြင်း
တခြားရောဂါတွေလိုပဲ လေဖြတ်တာကို ကာကွယ်ဖို့အတွက် နေထိုင်မှုပုံစံမှာ ရိုးရှင်းတဲ့ပြောင်းလဲမှုလေးတွေ လုပ်ဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးတာ၊ လေ့ကျင့်ခန်း ပိုလုပ်တာတွေက လေဖြတ်နိုင်ခြေကို နည်းစေပါတယ်။
လေဖြတ်နိုင်ခြေကို ပိုများစေတဲ့အချက်တွေကတော့ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှု၊ လှုပ်ရှားမှုနည်းခြင်း၊ စားတဲ့အစားအစာထဲမှာ ပြည့်ဝဆီ စားသုံးမှုများခြင်း၊ ကိုလက်စထရောပမာဏ မြင့်မားခြင်း၊ ဆီးချိုနှင့် သွေးတိုးကို မထိန်းချုပ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။ သွေးတွင်း ကိုလက်စထရောဓာတ်ပမာဏကို ထိန်းချုပ်နိုင်ဖို့အတွက် အသည်းကို အထောက်အကူဖြစ်စေမယ့် အစားအစာတွေစားဖို့ လိုပါတယ်။ ဒါတွေကတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂေါ်ဖီထုတ်၊ မုန်ညင်း၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်တွေ ပါ,ပါတယ်။
ဒါ့အပြင် အဆီများတဲ့အသားတွေကို ရှောင်ပြီးတော့ Omega-3 ပါတဲ့ ငါးတွေဖြစ်တဲ့ ဆယ်မွန်၊ မာကယ် စတဲ့ ငါးတွေ စားပေးဖို့ လိုပါတယ်။ B12, folic acid, B2 တွေ စားပေးတာကလညး် လေဖြတ်နိုင်ခြေကို လျော့ကျစေဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























