/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လေဖြတ်ပြီးနောက်-ဘယ်လိုဂရုစိုက်ကြမလဲ

လေဖြတ်ပြီးနောက် ဘယ်လိုဂရုစိုက်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

           ဦးနှောက်ကိုသွားတဲ့သွေးကြော ပိတ်တာကြောင့်သော်လည်းကောငး်၊ ဦးနှောက်သွေးကြော ပေါက်လို့သော်လည်းကောငး် လေဖြတ်တတ်ကြတယ်။ လေဖြတ်ပြီးနောက်မှာ ကိုယ်ခန္ဓာအရရော၊ စိတ်ခံစားမှုအခြေအနေအရပါ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတတ်တယ်။ ခန္ဓာကိုယ်တစ်ခြမ်း အားနည်းခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း၊ လမ်းလျှောက်ရ ခက်ခဲခြင်း၊ စကားနဲ့ ဘာသာစကား အခက်အခဲ၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်နိုင်စွမ်း အခက်အခဲတွေလိုမျိုးပေါ့။ လေဖြတ်ပြီးနောက် တတ်နိုင်သလောက် ကိုယ့်အားကိုယ်ကိုး နေနိုင်၊ ထိုင်နိုင်၊ လုပ်နိုင်၊ ကိုင်နိုင်အောင် ကိုယ်လက် ပြန်လည်သန်စွမ်းရေး ပရိုဂရမ်တွေ လုပ်ဖို့လိုတယ်။ ဒါမှ လေဖြတ်ခြင်းရဲ့နောက်ဆက်တွဲ ကိုယ်စိတ်နှလုံး ပြောင်းလဲမှုတွေကို အလိုက်သင့် နေထိုင်တတ်လာမှာပါ။

          လေဖြတ်ပြီးနောက်မှာ ကိုယ်နာလန်ထူဖို့ ကိုယ်ကိုယ်တိုင်မှာပဲ တာဝန်ရှိတယ်။ ကိုယ်ပြန်ကောင်းဖို့ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်တွေချဖို့ လိုတယ်။ တစ်ခါတလေတော့လည်း သူများလုပ်ပေးတာ အလိုက်သင့် ခံယူချင်စိတ်တွေလည်း ဖြစ်လာပါလိမ့်မယ်။

●        ကိုယ့်ကို စောင့်ရှောက်မှုအပေါ် ကိုယ်ကိုယ်တိုင်ပါ ဆုံးဖြတ်ချက်ချလိုကြောင်း သူများတွေသိအောင် ပြောပြပါ။

●        စိတ်ပူပန်တာတွေကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

●        အချိန်ယူပြီး စဉ်းစားချင်တယ်၊ စကားပြောရတာ အခက်အခဲရှိတယ်ဆိုရင် ကိုယ်လိုချင်တာကို မပြောရသေးဘဲ သူများ ဆုံးဖြတ်ချက်ချတာကို မခံပါနဲ့။

●        စကားပြောရတာ အခက်အခဲရှိတယ်ဆိုရင် သူများတွေက ကိုယ်ပြောချင်တာကို နားလည်ချင်မှ နားလည်ပါလိမ့်မယ်။ ကိုယ်ပြောချင်တာကို ပြောပြပေးနိုင်မယ့်လူကို ရှာပါ။ ဒါမှမဟုတ်ရင်လည်း တတ်နိုင်ရင် ချရေးပြပေါ့။

●        တစ်ယောက်ယောက်က ကိုယ့်ကို မရှိသလိုမျိုး ပြောဆိုစီမံနေတယ်ဆိုရင်လည်း ကိုယ်လိုချင်တာကို ပြောပြပါ။

          ကိုယ်လက် ပြန်လည်သန်စွမ်းရေး အစီအစဉ်တွေကို သေချာလိုက်နာပါ။ ပြန်လည်သန်စွမ်းရေး အစီအစဉ်ဟာ ပင်ပန်းပြီး တိုးတက်နှုန်းနှေးတယ်။ ပြီးတော့ လေမဖြတ်ခင်က အေးအေးဆေးဆေး လုပ်နိုင်တာတွေကိုတောင် ပိုခက်ခဲလာတာကို တွေ့ရပါလိမ့်မယ်။

          လေဖြတ်ပြီးနောက် မသန်မစွမ်းဖြစ်လာတဲ့အခါ ဝမ်းနည်းလာတတ်ကြတာ ပုံမှန်ပါပဲနော်။ စိတ်ဓာတ်ကျနေရင် နာလန်ထူရတာ အဆင်ပြေမှာ မဟုတ်ဘူး။ ဒါကြောင့် စိတ်ဓာတ်ကျနေပြီဆိုတာနဲ့ မိသားစုနဲ့ ဆရာဝန်နဲ့ စကားပြောပါ။ စိတ်ဓာတ်ကျတာကို စောစောသိ၊ စောစောကုနိုင်ရင် ပိုပြီးတော့ အဆင်ပြေနေကောင်းပါလိမ့်မယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)