လေဖြတ်လူနာအား ရှေးဦးပြုစုခြင်း
အကြောင်းအမျိုးမျိုးကြောင့် လေဖြတ်နိုင်သလို လေဖြတ်တဲ့ပုံစံလည်း အမျိုးမျိုး ရှိပါတယ်။
လေဖြတ်တဲ့ လက္ခဏာတွေကလည်း အမျိုးမျိုး ကွဲပြားပါတယ်။ ရောဂါလက္ခဏာ မြန်မြန် ပြန်ပျောက်သွားရင်တောင်မှ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
>> လေဖြတ်လူနာကို အရင်ဆုံး ဘာလုပ်ပေးရမလဲ?
တစ်စုံတစ်ယောက် ရုတ်တရက် လေဖြတ်ပြီဆိုတာနဲ့ မှန်ကန်စွာ ရှေးဦးပြုစုပေးနိုင်ပါက အသက်ရှင်နိုင်ဖို့နဲ့ ပြန်လည်ကောင်းမွန်ဖို့ အခွင့်အလမ်းတွေ များပြားသွားပါတယ်။
အရေးပေါ်လူနာတင်ယာဉ် အရင်ခေါ်ပါ။ လူနာတင်ယာဉ်စောင့်နေစဉ် -
• စိတ်ငြိ်မ်ငြိမ်ထားပါ။
• လူနာကို စိတ်ချရတဲ့နေရာမှာ ထားပါ။ ယာဉ်အန္တရာယ် သက်ရောက်ခြင်းမရှိတဲ့နေရာ ဖြစ်ပါစေ။
• လူနာနဲ့ စကားပြောကြည့်ပါ။ လူနာကို နာမည်နဲ့ အခြားမေးခွန်းတွေ မေးကြည့်ပါ။ လူနာ စကားမပြောနိုင်ဘူးဆိုရင် မေးခွန်းမေးတဲ့အခါ လက်ကိုညှစ်ပြီး တုံ့ပြန်အဖြေပေးဖို့ ပြောပါ။ လူနာ လုံးဝတုန့်ပြန်မှုမရှိတာက သတိမေ့နေလို့ ဖြစ်နိုင်ပါတယ်။
>> လူနာ သတိရှိပါက
• လူနာကို သက်သောင့်သက်သာ အနေအထားကို ညင်သာစွာ ထားပေးပါ။ ပခုံးနဲ့ ခေါင်းအောက်မှာ ခေါင်းအုံး (သို့) အဝတ်စ တစ်ခုခု ခံပေးထားပြီး အနည်းငယ် မြှင့်တင်ကာ ဘေးစောင်းထားပေးပါ။ ဒီလိုအနေအထား သေချာထားပြီးပြီဆိုရင် မလှုပ်ပါစေနဲ့တော့။
• တင်းကျပ်လွန်းသော အဝတ်အစားများကို ဖြေလျှော့ပေးပါ။ ဥပမာ - လည်ပင်းက ကြယ်သီးတွေကို ဖြုတ်ပေးပါ။
• လူနာ အေးနေပါက နွေးထွေးစေရန် စောင် (သို့) ကုတ်အကျၤ ီတစ်ခုခုဖြင့် ခြုံထားပေးပါ။
• အသက်ရှူလမ်းကြောင်း ရှင်းလင်း နေ၊ မနေ စစ်ဆေးပါ။ ပါးစပ်ထဲမှာ အရာဝတၳု (သို့) အန်ဖတ်တစ်ခုခု ဆို့ပြီး အသက်မရှူနိုင်ဘူးဆိုရင် လူနာကို ဘေးစောင်းထားပြီး အသက်ရှူနိုင်အောင် လုပ်ပေးပါ။
• လူနာကို အကူအညီတွေ လာနေပြီဆိုတာ သိအောင် အားပေးစကား ပြောကြားပါ။
• အစားအစာ၊ အရည်တွေ မပေးပါနဲ့။
• လူနာရဲ့ရောဂါလက္ခဏာတွေကို မှတ်သားထားပြီး အပြောင်းအလဲ ရှိ၊ မရှိ ကြည့်ရှုပါ။ လူနာအခြေအနေကို အရေးပေါ်ကူညီတဲ့လူတွေကို သေချာပြောပြပေးဖို့ အရေးကြီးပါတယ်။
• ရောဂါလက္ခဏာ စပြတဲ့အချိန်ကို မှတ်ထားဖို့ အရေးကြီးပါတယ်။ စိတ်ဖိအား များတဲ့အချိန်မှာဆိုရင် အချိန် ဘယ်လောက်ကုန်သွားပြီလဲဆိုတာကို မှန်းဆပြောဖို့ ခက်တဲ့အတွက် ဖြစ်နိုင်ရင် နာရီကြည့်ပြီး မှတ်ထားပါ။
>> လူနာ သတိလစ်နေပါက
• လူနာကို ဘေးစောင်းအနေအထား ထားပေးပါ။
• အသက်ရှူလမ်းကြောင်းနဲ့ အသက်ရှူ၊ မရှူ သေချာစောင့်ကြည့်ပါ။
• အသက်မရှူပါက နှလုံးနှိုးဆွခြင်း (CPR) စတင်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























