လေယာဉ်မစီးခင်မှာ ဘယ်အစားအစာတွေကို ရှောင်သင့်သလဲ
1. အကြော်စာများ
အကြော်စာတွေမှာ ပါဝင်တဲ့အဆီတွေက ရင်ပူစေပါတယ်။ ဒါ့အပြင် ဒီအစားအစာတွေမှာ sodium ပါဝင်မှုများတဲ့အတွက် ခန္ဓာကိုယ်အတွင်းမှာ ရေဓာတ်တွေပြည့်နေပြီး ဗိုက်ပြည့်အင့်ခြင်း၊ ကယ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လေယာဉ်မစီးခင်မှာ အကြော်စာတွေ မစားသင့်ပါဘူး။
2. ပန်းမုန်လာ ( broccoli)
ပန်းမုန်လာ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက လေထစေတဲ့အတွက် လေယာဉ်မစီးခင်နဲ့ စီးနေစဉ်အတောအတွင်း ရှောင်ရမယ့် အစားအစာထဲမှာ ပါပါတယ်။
3. ဂက်စ်ပါသောအချိုရည်များ
ခရီးသွားနေတဲ့အခါမှာ တစ်ခါတလေ ဂက်စ်ပါတဲ့အချိုရည်တွေကို သောက်ချင်တဲ့အာသီသ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီအချိုရည်တွေက ရင်ပူခြင်းနဲ့ လေတက်ခြင်းတွေကို ဖြစ်စေတဲ့အတွက် လေယာဉ်စီးနေစဉ်မှာ ဒါတွေကို ရှောင်ရပါမယ်။ ဒီအချိုရည်တွေအစား ရေပဲသောက်ပါ။
4. ပန်းသီး
ပန်းသီးက ကျန်းမာရေးအတွက် ကောင်းတဲ့အရာဖြစ်ပေမယ့် အမှျှင်ဓာတ်ကြွယ်ဝတဲ့အတွက် အစာချေဖို့ ခက်ပါတယ်။ လေယာဉ်စီးနေတုန်းမှာဆိုရင် ဗိုက်ကယ်တာတွေ၊ လေထိုးလေတက်တာတွေ ဖြစ်စေနိုင်ပါတယ်။
5. အရက်
အရက်က ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်စေပါတယ်။ ဒါ့အပြင် လေယာဉ်စီးတဲ့အခါ လေယာဉ်မူးတာနဲ့ ပေါင်းပြီးပိုဆိုးစေပါတယ်။
6. ပဲများ
အသားဓာတ်ကြွယ်ဝတဲ့ ပဲတွေက လေထစေပါတယ်။ ဒါကြောင့် လေလုံတဲ့၊ အနံ့လုံတဲ့လေယာဉ်ထဲမှာ အနံ့ထပ်ပြီးမထွက်စေဖို့ ပဲကို ရှောင်ပါ။
7. အနီရောင်အသားများ
အနီရောင်အသားတွေက အစာကြေဖို့ခက်တဲ့အတွက် လေယာဉ်မစီးခင်မှာ မစားသင့်ပါဘူး။ ဒီအစားအစာတွေက နေရတာ မအီမသာဖြစ်စေပြီး ခန္ဓာကိုယ်က ဒီအသားတွေကို ချေဖျက်ဖို့ ကြိုးစားနေချိန်မှာ အခြားသူတွေကိုလည်း အနေခက်စေပါတယ်။
8. စပ်သောအစားအစာများ
စပ်တဲ့အစားအစာတွေကို စားပြီးတဲ့နောက်မှာ အစာအိမ်က အရမ်းကို နေရခက်တတ်တဲ့အတွက် လေယာဉ်မတက်ခင်မှာ ရှောင်ကြဉ်ရပါမယ်။
9. ကော်ဖီ
ကော်ဖီ ကြိုက်တဲ့သူတွေက ကော်ဖီပူပူလေးသောက်လိုက်ရမှ နေသာထိုင်သာ ရှိကြပါတယ်။ ဒါပေမဲ့ ကော်ဖီက ရေဓာတ် ခမ်းခြောက်စေတဲ့အတွက် လေယာဉ်စီးနေတုန်းမှာ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းတွေကို ခံစားရစေပါတယ်။
10. ပီကေ
လေယာဉ်မစီးခင် ပီကေဝါးခြင်းက လေထခြင်း၊ ဗိုက်ကယ်ခြင်းတွေ ဖြစ်စေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























