လေလည်ခြင်းသည် ကျန်းမာရေးကောင်းသည်ဟုပြသော လက္ခဏာတစ်ရပ်ဖြစ်
လေလည်ခြင်းသည် လူနေမှုအသိုင်းအ၀ိုင်းကြာမှာဆိုရင် စိတ်ကသိကအောက်ဖြစ်စရာ၊ ရှက်စရာဖြစ်တယ်ဆိုပေမယ့် ကျန်းမာရေးကောင်းကြောင်းပြတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ သုတေသီတွေကဆိုပါတယ်။ ကောက်နှံတစ်ခုလုံးစာ စားသူတွေဟာ မစားသူတွေထက် ဓာတ်ငွေ့စုပုံမှုရှိကြပြီး ကောက်နှံတစ်ခုလုံးပါ၀င်စာ စားသူတွေက ကျန်းမာရေးပိုကောင်းကြောင်းကို လေ့လာမှုအရသိရှိရပါတယ်။ လေ့လာမှုတွင် ပါ၀င်သူ 75 ဦးထဲမှာ တချို့အား ကောက်နှံတစ်ခုလုံးပါ၀င်စာကို စားစေပြီး ကျန်သူများအား ကောက်နှံစာမဟုတ်သော အခြားအစားအစာတွေကို စားစေခဲ့ရာ ကောက်နှံပါ၀င်စာ စာသူများအဖွဲ့က လေလည်ကြသော်လည်း ကျန်အဖွဲ့ကမူ လေပွခြင်း၊ မောပန်းခြင်းကို ခံစားရကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။
ဘာကြောင့်လေလည်ရသလဲဆိုတဲ့အချက်ကတော့ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို အစာခြေအင်ဇိုင်းတွေက ဖြိုခွဲနိုင်ခြင်းမရှိဘဲ ၎င်းအမျှင်ဓာတ်ပါ၀င်အစာတွေက အူမကြီးမှာရှိတဲ့ အူလမ်းကြောင်းတစ်လျှောက်ရှိ ဘက်တီးရီးယားပိုးတွေရဲ့ အချဉ်ဖောက်ခြင်းကိုခံရကာ ယင်းနေရာမှာဘဲ ဓာတ်ငွေ့ဖြစ်သွားတာကြောင့် ကောက်နှံစာ စားသူတွေအနေနဲ့ လေလည်ရခြင်းဖြစ်ပါတယ်။ ကောက်နှံ တစ်ခုလုံးပါ၀င်စာဆိုတာ ဖြူစင်အောင် ဖွပ်မထားတဲ့ဂျုံကြမ်း၊ ဆန်ကြမ်းကို ဆိုလိုခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် ဆန်လုံးညို၊ ပေါင်မုန့်ညို၊ ဆီရီယာယ် စတဲ့အစားအစာတွေဖြစ်ကာ ၎င်းကောက်နှံစာတွေမှာ အမျှင်ဓာတ်ကြွယ်၀စွာပါ၀င်ပါတယ်။ အမျှင်ဓာတ်ပေါကြွယ်၀တဲ့ အစားအစာတွေကိုစားလေ အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက်ကောင်းလေဖြစ်တဲ့အပြင် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အမျိုးအစား (2) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုနည်းစေပြီး ကိုယ်အလေးချိန်ကို ကောင်းစွာထိန်းနိုင်ပါတယ်။ ဒါကြောင့် လေလည်တာဟာ အမျှင်ဓာတ်ပါတဲ့ အစာတွေစားခြင်းကြောင့်လို့ယူဆလို့ရပြီး ကျန်းမာရေးကောင်းခြင်းကိုပြတဲ့လက္ခဏာရပ်ဖြစ်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ကောက်နှံစာမဟုတ်တဲ့ အခြားအစားအစာတွေ တစ်နည်းအားဖြင့် ဖြူစင်အောင်ဖွပ်ထားတဲ့ အစားအစာတွေမှာ ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်တွေဆုံးရှုံးနေတာကြောင့် ၎င်းအစားအစာကိုစားသူတွေဟာ ကျန်းမာရေးနဲ့ညီညွတ်ခြင်းမရှိပါဘူး။






























