/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လေအေးပေးစက်ကြောင့်-နေမကောင်းဖြစ်စေနိုင်သလား

လေအေးပေးစက်ကြောင့် နေမကောင်းဖြစ်စေနိုင်သလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပူပြင်းလှတဲ့နွေရာသီကြီးတော့ ကုန်ဆုံးသွားပြီ။ ဒါပေမဲ့ အပူကတော့ လျော့သွားလိမ့်မယ် ထင်သလား? အခုခေတ်မှာတော့ စိတ်ပူစရာ သိပ်မလိုတော့ပါဘူး။ အဲယားကွန်းလို့ခေါ်တဲ့ လေအေးပေးစက်တွေ ရှိနေပြီလေ။ (မီတာခတက်တာကတော့ တစ်ပိုင်းပေါ့လေ။)

          ဒီလိုပူအိုက်လှတဲ့ရာသီဥတုကြီးမှာ လေအေးပေးစက်က အသက်ကယ်စက်ဆိုပေမယ့် လေအေးပေးစက်က ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကိုလည်း သိထားသင့်တာပေါ့။

          ဒါတွေဖတ်ပြီးလို့ လေအေးပေးစက်တွေကို ကြောက်သွားရမယ်လို့လည်း မဟုတ်ပါဘူး။ သတိထားဖို့ပေါ့။

 

၁။     အသက်ရှူပြဿနာ

          ပထမပြဿနာကတော့ လေအေးပေးစက်ကို မှန်မှန်မဆေးပေးရင် အခန်းထဲ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေဖြန့်ဝေပေးသလို ဖြစ်နေပါလိမ့်မယ်။

          လေအေးပေးစက်တွေဟာ အစိုဓာတ်များတဲ့နေရာဖြစ်တာမို့ မှိုမည်းတွေ ပေါက်ဖွားနိုင်တဲ့နေရာတစ်ခုပါ။

          ဒီလိုပေါက်ဖွားလာတဲ့အကောင်တွေဟာ အသက်ရှူပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

          ဒါကြောင့် လေအေးပေးစက် လေစစ်ဇကာကို အမြဲသေချာဆေးကြောပေးပြီး ၂ လတစ်ခါလောက် လဲလဲပေးဖို့ အရေးကြီးပါတယ်။

 

၂။     ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း

          တစ်နေ့လုံး လေအေးပေးခန်းထဲနေတဲ့အခါ ခေါင်းကြီးအုံတုံတုံနဲ့ ကိုက်တာမျိုး ခံစားရတတ်ပါတယ်။

          လေ့လာမှုတစ်ခုအရဆိုရင် ရုံးခန်းလေအေးပေးစက်တွေက နုံးချိခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ အာရုံကြောပြဿနာတွေကို ပေးစွမ်းနိုင်တယ်လို့ သိရပါတယ်။

          ဒီလိုဖြစ်လာရင် ခဏတစ်ဖြုတ် လေအေးပေးစက် အပူချိန်ကို တင်တင်ပေးတာ၊ ဒါမှမဟုတ် အခန်းအပြင်ဘက်ထွက် လေကောင်းလေသန့် ရှူရှိုက်ပေးတာက အဆင်ပြေပါတယ်။

 

၃။     အသားအရေနဲ့ နှာခေါင်းလမ်းကြောင်း ခြောက်သွေ့ခြင်း

          အေးစက်စက် ခြောက်သွေ့သွေ့လေထုဟာ အသားအရေ သဘာဝအစိုဓာတ်ကို လျော့နည်းစေပြီး ခြောက်သွေ့စေနိုင်ပါတယ်။

          ဒါကြောင့် ရေများများသောက်ပြီး အစိုထိန်းခရင်မ်လေး လိမ်းပေးဖို့ လိုပါတယ်။

 

၄။     အပူမခံနိုင်ခြင်း

          လူအများစုက အပူဒဏ်မခံနိုင်ကြတာ ထုံးစံပေမယ့် လေအေးပေးခန်းထဲ ကြာကြာနေတဲ့အခါ သူများတွေထက်ကို နည်းနည်းလေး ပူတာနဲ့ နေမထိ ထိုင်မသာ ဖြစ်နေတတ်ကြပါတယ်။

          ဒါကြောင့် ပန်ကာဖွင့်တာ၊ ပြတင်းပေါက်ဖွင့်တာ စတဲ့နည်းလမ်းတွေကို ပြောင်းသုံးကြည့်နိုင်ပါတယ်။

 

၅။     အအေးမိလက္ခဏာများ ဖြစ်လာခြင်း

          လေအေးပေးခန်းထဲ ကြာကြာနေသူတွေဟာ အအေးမိလက္ခဏာတွေ မကြာမကြာ ခံစားရတတ်ပါတယ်တဲ့။

          ဒါကြောင့် ဆရာဝန်ဆီ ခဏခဏသွားမနေရအောင် အခန်းထဲ၊ ကားထဲ၊ အလုပ်ခွင်ထဲ ကောင်းကောင်းသန့်ရှင်းရဲ့လားဆိုတာကို ကြည့်ဖို့လိုပါတယ်။ ဖုန်တွေစုဝေးနေနိုင်တဲ့ လိုက်ကာတွေ၊ ကော်ဇောတွေအပြင် လေအေးပေးစက်တွေကိုပါ သေချာသန့်ရှင်းပေးပါ။

 

၆။     ကိုယ်အလေးချိန် တက်လာခြင်း

          လေအေးပေးစက်လေးနဲ့ ငြိမ့်နေတဲ့အခါ လှုပ်ချင်ကိုင်ချင်စိတ် မရှိလောက်အောင် ဖြစ်နေတတ်ပါတယ်။ ဒီတော့ သာမန်ပတ်ဝန်းကျင်ထက်စာရင် ကယ်လိုရီ လောင်ကျွမ်းနှုန်းလည်း ပိုနည်းတာပေါ့။

          အပြင်ဘက်မှာ ပူနေတဲ့အခါ အပြင်ထွက် လေ့ကျင့်ခန်းလုပ်မယ့်အစား လေအေးပေးစက်လေးပဲ ပြေးဖွင့်လိုက်တတ်ကြပါတယ်။ ဒါ့အပြင် လေထုအေးအေးလေးနဲ့ဆို ပိုပြီးလည်း စားချင်သောက်ချင်စိတ် ဖြစ်တတ်ကြပါတယ်။

 

၇။     သွေးပေါင်တက်ခြင်း

          ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့လိုက်ပြီး သွေးပေါင်ချိန် အပြောင်းအလဲရှိတယ်ဆိုတာ သိပါသလား?

          အပြင်ဘက်ကို ခန္ဓာကိုယ်အပူဓာတ်တွေ မထွက်သွားအောင် သွေးကြောသေးသေးလေးတွေကို ကျဉ်းထားရတဲ့အခါ သွေးစီးနှုန်းကို ဟန့်တားလာပြီး သွေးပေါင်တွေတက်လာတော့တာပါပဲ။

          ဒါကြောင့် ဒီလိုသွေးပေါင်တက်နေသူတွေမှာ လေအေးပေးစက် အသုံးလျှော့ခြင်းအားဖြင့် သွေးပေါင်ကျစေနိုင်ပါတယ်။

          ဒီလောက်ဆို ကျန်းမားရေးနဲ့ညီညွတ်အောင် လေအေးပေးစက်ကို လျှော့သုံးသင့်တယ်ဆိုတာ သဘောပေါက်လောက်ပြီ ထင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)