လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သားတွေ နာကျင်ရောင်ရမ်းတာ ပုံမှန်ပဲလား
ကျန်းမာအောင်ဆိုပြီး လေ့ကျင့်ခန်းတွေလုပ်အပြီးမှာ နောက်နေ့မနက်ဆို ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို လူတိုင်း ကြုံဖူးကြမှာပါ။
>> ဒါဟာ ဘာကြောင့် ဖြစ်ရတာလဲ?
လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေအပေါ် ဒဏ်ဖြစ်စေတာကြောင့် ကြွက်သားမျှင်လေးတွေ ပြိုကွဲပျက်စီးပြီး နာကျင်ရတာပါ။
Alaxan IA (1)
>> ဒါဟာ ပုံမှန်ဖြစ်စဉ်တစ်ခုလား?
ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်တာကြောင့် စိတ်ပူစရာ မလိုပါဘူး။ လေ့ကျင့်ခန်းလုပ်ပြီးလို့ ၆-၈ နာရီအတွင်းမှာ စဖြစ်လေ့ရှိပြီး ၂၄-၄၈ နာရီလောက် ကြာတတ်ပါတယ်။ ပြိုကွဲပျက်စီးသွားတဲ့ ကြွက်သားမျှင်တွေဟာ သူ့အလိုလို ပြန်လည်ပြုပြင်ပြီးတော့ ပိုကြီး၊ ပိုသန်မာတဲ့ ကြွက်သားအဖြစ်ကို ပြန်လည်တည်ဆောက်တာကြောင့် နောက်တစ်ခေါက် လေ့ကျင့်ခန်းလုပ်ရင် ခံနိုင်ရည်ပိုရှိပြီး ရောင်ရမ်းနာကျင်တာလည်း သက်သာလာမှာပါ။
>> ဘယ်အချိန်မှာ ကြွက်သားတွေ ရောင်ရမ်းနာကျင်နိုင်သလဲ?
● ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်ခန်းစလုပ်ရင်
● လုပ်နေကျလေ့ကျင့်ခန်းထဲကို အသစ်တစ်မျိုး ထပ်တိုးလုပ်ရင်
● လုပ်နေကျလေ့ကျင့်ခန်းကိုပဲ ပိုပြီး ပြင်းပြင်းထန်ထန် လုပ်လိုက်ရင်
● လုပ်နေကျလေ့ကျင့်ခန်းကို အနားမပေးဘဲ ထပ်ခါထပ်ခါလုပ်နေရင် ကြွက်သားတွေ ရောင်ရမ်းနာကျင်နိုင်ပါတယ်။
Alaxan IA (2)
ဒီလိုမျိုး လေ့ကျင့်ခန်းလုပ်ပြီးလို့ ကြွက်သားတွေ ရောင်ရမ်းနာကျင်တာဟာ အများစုကတော့ ပုံမှန်ဖြစ်ပြီး စိတ်ပူစရာမလိုပေမယ့် ပုံမှန်မဟုတ်တဲ့အခြေအနေတွေလည်း ရှိပါတယ်။
● နေ့စဉ်လုပ်နေကျအလုပ်တွေ မလုပ်နိုင်လောက်အောင် ကြွက်သားတွေ ရောင်ရမ်းနာကျင်တာ
● ၇၂ နာရီကျော် ကြာတာတောင် နာကျင်နေသေးတာ
● လေ့ကျင့်ခန်း စစလုပ်ချင်း၊ ဒါမှမဟုတ် လုပ်နေစဉ် အတောအတွင်းမှာကို ကြွက်သားတွေ နာကျင်လာတာဆိုရင်တော့ ဒါဟာ ပုံမှန်မဟုတ်တာကို ပြနေပါတယ်။
လေ့ကျင့်ခန်းကို အရမ်း ပြင်းပြင်းထန်ထန် လုပ်မိတာလား၊ လုပ်ပုံလုပ်နည်း မမှန်လို့လား စတဲ့ အကြောင်းတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။
>> အရမ်းပြင်းပြင်းထန်ထန် လုပ်မိတဲ့အခါ ကြွက်သားပြိုကွဲတာ အရမ်းဆိုးပြီးတော့ ကျောက်ကပ်ထိခိုက်တဲ့အထိ ဖြစ်နိုင်တာကြောင့် -
● မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲရင်
● ကြွက်သားရောင်ရမ်းတာ အရမ်းဆိုးရင်
● အဆစ်တွေ ကောင်းကောင်း မလှုပ်ရှားနိုင်ရင်
● ဆီးအရောင်ရင့်တာ၊ ဒါမှမဟုတ် ဆီးထွက်နည်းတာတွေ ရှိလာရင် အချိန်မဆွဲဘဲ ချက်ချင်း ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























