လေးဖက်နာရောဂါ ဖြစ်နေပြီ ဆို မိမိကိုယ်ကို ဘယ်လိုဂရုစိုက်ကြမလဲ
လေးဖက်နာရောဂါလို့ သိလိုက်ရတာနဲ့ စိတ်ညစ်သွားကြမှာပါပဲနော်၊ ငါတော့ တစ်သက်လုံး နာကျင်ကိုက်ခဲပြီး လူဖြစ်ရှုံးပြီလားလို့ တွေးကြောက်မနေကြပါနဲ့။ မိမိကိုယ်ကို ဂရုစိုက် နေထိုင်ခြင်းဖြင့် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
>> နည်းလမ်းများကတော့ -
● ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်သော အစားအစာများနှင့် ကျန်းမာရေးနှင့်အညီ စားသုံးခြင်း
လေးဖက်နာအတွက် စားရမယ့်အစားအစာလို့ သီးသန့်သတ်မှတ်ထားတာ မရှိပေမယ့် အင်တီအောက်ဆီးဒင့်ကြွယ်ဝတဲ့ အစားအစာတွေက ရောင်ရမ်းခြင်းကို ထိန်းချုပ်ထားနိုင်ပါတယ်။ အများစုကတော့ Mediterranean diet လို့ခေါ်တဲ့ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးများ၊ သံလွင်ဆီတို့ကို အထူးပြုစားသုံးခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရောင်ရမ်းခြင်းကို အားပေးတဲ့ အသင့်စားအစားအစာတွေနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ အစားအစာတွေကို သိသာစွာလျှော့ချဖို့ (သို့) လုံးဝရှောင်ကြဉ်ဖို့ အရေးကြီးပါတယ်။
● လှုပ်ရှားမှုနဲ့ အနားယူမှု အညီအမျှရှိခြင်း
လေးဖက်နာ ထနေတဲ့အချိန်နဲ့ အဆစ်တွေ ရောင်ရမ်းနာကျင်ပြီး တောင့်တင်းနေချိန်မှာ အနားယူဖို့ အရေးကြီးပါတယ်။ အနားယူခြင်းက ရောင်ရမ်းခြင်းနဲ့ မောပန်းခြင်းတွေကို သက်သာစေပါတယ်။ တစ်နေ့လုံး အနားယူလိုက် လှုပ်ရှားမှုလုပ်လိုက်လုပ်ပေးခြင်းအားဖြင့် စွမ်းအင်တွေကို ပိုရစေပြီး အဆစ်တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
● ကိုယ်ခန္ဓာလှုပ်ရှားမှု
အရိုးလေးဖက်နာသမားတွေအတွက် လေ့ကျင့်ခန်းလုပ်ခြင်းက ကုသမှုအတွက် မရှိမဖြစ်အရေးပါတဲ့အစိတ်အပိုင်း ဖြစ်ပါတယ်။ အပျော့စား အေရိုးဗစ်လေ့ကျင့်ခန်း၊ ကြွက်သားသန်မာစေသော လေ့ကျင့်ခန်းနဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ပါတယ်။ ကုထုံးကျွမ်းကျင်သူက သင့်တော်တဲ့လေ့ကျင့်ခန်းတွေကို ညွှန်ကြားပေးပါလိမ့်မယ်။
● အပူအအေးကုထုံးများ
အဆစ်များ တောင့်တင်းခြင်းနဲ့ ကြွက်သားများညောင်းညာခြင်းအတွက် ရေနွေးအိတ်ကပ်နိုင်ပြီး ခဏတာ ရုတ်တရက် နာကျင်ကိုက်ခဲခြင်းများအတွက် အအေးကပ်ပေးနိုင်ပါတယ်။ အအေးက နာတဲ့နေရာကို သက်သာစေပြီး ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပါတယ်။
● လိမ်းဆေးများ
နာနေတဲ့ အဆစ်နဲ့ ကြွက်သားတွေအပေါ်လိမ်းပေးနိုင်ပါတယ်။
● သဘာဝနည်းလမ်းများ
အသက်ရှူလေ့ကျင့်ခန်းကဲ့သို့သော စိတ်ဖိစီးမှု လျှော့ချတဲ့လေ့ကျင့်ခန်းတွေက နာကျင်နေတဲ့ကြွက်သားတွေကို လျော့ကျစေပါတယ်။ နှိပ်နယ်ပေးခြင်းက အဆစ်ရောင်ကြောင့် ကိုက်ခြင်းကို သက်သာစေပြီး အဆစ်လုပ်ဆောင်မှုကို ကောင်းစေကာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း လျော့ကျစေပါတယ်။
● အားဖြည့်ဆေးများ
လေ့လာမှုတွေအရ နနွင်းနဲ့ omega-3 ငါးကြီးဆီက အရိုးလေးဖက်နာကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲခြင်းတွေနဲ့ မနက်ဖက်တွေမှာ ခံစားရတဲ့တောင့်တင်းခြင်းတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အားဖြည့်ဆေးတွေ မသောက်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
● အကောင်းမြင်စိတ်
လေ့လာမှုများအရ စိတ်ဓာတ်ကျနေရာမှ ပြန်လည်ထူထောင်လာခြင်းက ရောဂါအပေါ်မှာ ကောင်းကျိုးသက်ရောက်စေပါတယ်။ မိတ်ဆွေ၊ မိသားစုဝင်၊ အလုပ်အတူလုပ်သူတွေနဲ့ အတူ ဆက်ဆံရေးကောင်းမွန်ခြင်းက စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုရရှိစေပြီး အရိုးလေးဖက်နာရှိသူတွေမှာ ခံစားရတဲ့နာကျင်မှုတွေနဲ့ ဘဝအပြောင်းအလဲတွေအပေါ်မှာ ကိုင်တွယ်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























