လှေကား အတက်အဆင်း လုပ်ပါ၊ ညစာစားပြီး လမ်းလျှောက်ပါ
ဝိတ် ကျချင်တာလား၊ ကျန်းမာရေး ကောင်းချင်တာလား၊ ငွေမကုန် လူမပန်းဘဲ ဝိတ်ကျ ကျန်းမာစေမယ့် အလေ့အကျင့်တွေကို ပျိုးထောင်ပါ။
ဝိတ်ချနေတဲ့သူတွေအတွက် အကြီးမားဆုံးသော စိတ်နှစ်ခွကတော့ လှေကားနဲ့ တက်ရမလား၊ ဓာတ်လှေကားနဲ့ တက်ရမလားဆိုတာပါပဲ။ လှေကားနဲ့ တက်တာဟာ ကယ်လိုရီတွေကို ပိုလောင်ကျွမ်းစေနိုင်တယ်ဆိုတာ ပြောစရာ မလိုဘူးနော်။ ဝိတ်ချတဲ့လူတိုင်းကို လိုက်မေးကြည့်လိုက်ရင်လည်း အမြဲတမ်းလှေကားနဲ့ပဲ တက်တယ်ဆိုတာချည်းပဲ။
ကိုယ့်လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်က ဓာတ်လှေကားမစောင့်ဘဲ လှေကားကနေ တက်သွားရင်ကို ကိုယ့်မှာ မလုံမလဲပေါ့။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားသောက်နေသူတွေက ငါတော့ မလုံမလဲဖြစ်စရာမလိုဘူးလို့ ထင်လိမ့်မယ်။ မဟုတ်ဘူးနော်။
ဒီလိုနာမည်ကြီးတဲ့လှေကားက ကယ်လိုရီ ဘယ်လောက် လောင်ကျွမ်းနိုင်လဲ ကြည့်ရအောင်။
လှေကားတက်တာပဲဖြစ်ဖြစ်၊ ဆင်းတာပဲဖြစ်ဖြစ် ကယ်လိုရီတွေ လောင်ကျွမ်းတယ်နော်။ ရှင်းရှင်းပြောရရင် လှေကားတစ်ထစ်တက်တိုင်း ၀.၇ ကယ်လိုရီ လောင်ကျွမ်းပြီး လှေကားတစ်ထစ် ဆင်းတိုင်း ၀.၅ ကယ်လိုရီ လောင်ကျွမ်းတယ်။ ဒါကြောင့် လှေကားနဲ့ အတက်အဆင်းလုပ်တာက ပုံမှန်ကယ်လိုရီတွေ လောင်ကျွမ်းစေနိုင်တယ်။
>> ဝိတ်ကျဖို့အတွက် ညစာစားပြီးတိုင်း လမ်းလျှောက်ရတဲ့ အကြောင်းရင်း
ညစာစားပြီးတိုင်း ဘာလုပ်လေ့ရှိလဲ? တီဗီရှေ့ထိုင်ပြီး ရုပ်ရှင်တွေ ထိုင်ကြည့်မိလား? ဒါမှမဟုတ် Facebook လိုမျိုး လူမှုကွန်ရက်တွေကိုပဲ ထိုင်ပွတ်မိနေသလား? အစာကြေဖို့အတွက် ထမင်းစားပြီး လမ်းလျှောက်သင့်ကြောင်း တဖွဖွ ပြောနေကြတာ ကြားဖူးမှာပေါ့။ ဒါပေမဲ့လည်း မလုပ်ဖြစ်ပါဘူး။
ညစာစားပြီး လမ်းလျှောက်တာဟာ တေ်ာတော်အကျိုးရှိတယ်နော်။ ညစာစားပြီး လမ်းလျှောက်တာဟာ ဆီးချိုအမျိုးအစား (၂) သမားတွေမှာလည်း သကြားအချိုဓာတ် အရမ်းမတက်အောင် ကာကွယ်ပေးတယ်လို့ ဆိုတယ်။ တစ်နေကုန် ၄၅ မိနစ်လောက် လမ်းလျှောက်တာထက်ကို ပိုအကျိုးရှိတယ်လို့ ဆိုတယ်။
ထမင်းစားပြီး ထုတ်လိုက်တဲ့အင်ဆူလင်ဟာ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ လျော့နည်းသွားတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာပေါ့။ အများစုက ညနေဘက်မှာ အများကြီး စားလေ့ရှိကြတယ်လေ။ ဒီလို အများကြီးစားပြီး ထိုင်တေ့ာ ကောင်းတာ ဘာမှမရှိတော့ဘူးပေါ့။ စားပြီး သွေးတွင်းအချိုဓာတ်ကိုလည်း ထိုးတက်သွားစေပြီး နာရီပေါင်းများစွာထိ တက်နေစေနိုင်တယ်။
လမ်းလျှောက်တာ ဘာကောင်းလဲ? လမ်းလျှောက်တဲ့အခါသုံးတဲ့ ကြွက်သားတွေဟာ ဂလုကိုစ့်အချိုဓာတ်ကို သုံးစွဲလိုက်တာကြောင့် သွေးထဲမှာ အချိုဓာတ် နည်းသွားစေတယ်။
ဒီလောက်ဆိုရင် ညစာစားအပြီး ၁၅ မိနစ်၊ မိနစ် ၃၀ လောက် ထပြီး လမ်းလျှောက်တာဟာ အရမ်းအကျိုးရှိတယ်ဆိုတာကို သိသွားလောက်ပြီပေါ့နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























