/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဝစေတဲ့အမူအကျင့်တွေ

ဝစေတဲ့အမူအကျင့်တွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဝတဲ့လူတွေက ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေပေမယ့်လည်း မအောင်မြင်ကြဘဲ စိတ်ဆင်းရဲနေကြရပါတယ်။ ဒီလို ဖိစီးမှုဖြစ်နေယ့်အစား ကိုယ့်ရဲ့လုပ်နေကျ အမူအကျင့်လေးတွေကို ချရေးထားကြည့်ပါ။ ကျွန်မတို့ နေ့စဉ်လုပ်လေ့ရှိနေတဲ့ ဝစေတဲ့အမူအကျင့်အချို့ ရှိပါတယ်။

          ဒါတွေကတော့ -

1.      မကြာခဏ အပြင်ထွက်ပြီး ဆိုင်တွေမှာ သွားစားခြင်း

          မကြာခဏ အပြင်စာ စားတာက ကယ်လိုရီကို တက်စေပါတယ်။ ဒီတော့ ကိုယ်အလေးချိန် ကျချင်တယ်ဆိုရင် အိမ်မှာပဲ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကို လုပ်စားပါ။

 

2.      လေ့ကျင့်ခန်းလုပ်ချိန် မရှိခြင်း

          လေ့ကျင့်ခန်းနဲ့ အစားအစာက မှီခိုနေပါတယ်။ စားလိုက်လို့ပိုနေတဲ့ ကယ်လိုရီတွေကို လေ့ကျင့်ခန်းလုပ်ပြီး လောင်ကျွမ်းမပစ်ဘူးဆိုရင် နောက်ဆုံးမှာ ကျန်းမာရေးနဲ့မညီတဲ့ အဆီတွေစုပြီး ကျန်ခဲ့ပါလိမ့်မယ်။ ဒီတော့ တစ်ပတ်ကို အနည်းဆုံး ၅ ရက် လေ့ကျင့်ခန်းလုပ်ပေးပါ။

 

3.      ပန်းကန်ထဲမှာ အများကြီး ထည့်စားခြင်း

          ကိုယ်စားမယ့်ပန်းကန်ထဲမှာ ပုံမှန်ပမာဏပဲ ထည့်ထားပါ။ အများကြီး ထည့်ထားမိရင် မလိုအပ်ဘဲ ပိုစားမိပြီးတော့ အဆီတွေ ပိုလာစေပါတယ်။

 

4.      အစားမြန်ခြင်း

          အစားကို အရမ်းမြန်မြန်စားတဲ့အခါမှာ အစာချေစနစ်ကို နှောင့်ယှက်ပြီးတော့ ဗိုက်ပြည့်ဗိုက်ကယ်၊ ဝမ်းချုပ် စတာတွေ ဖြစ်စေပါတယ်။ ဒီတော့ကျန်းမာဖို့အတွက် အစာစားတဲ့အခါမှာ အချိန်ပေးပြီး သေချာကြေညက်နေအောင် ဝါးစားပါ။

 

5.      ညဘက် သရေစာစားခြင်း

          ညဘက်မှာ လုပ်လေ့ရှိတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အပြုအမူ အတော်များများက ဝစေပါတယ်။ ဒီထဲက တစ်ခုကတော့ ညဘက်တွေမှာ သရေစာတွေ စားတဲ့အကျင့်ပါ။ ဗိုက်အရမ်းဆာတယ်ဆိုရင် အသင့်စား အစားအစာတွေမစားဘဲ သစ်သီးလိုမျိုး ကျန်းမာရေးနဲ့ ညီတဲ့ဟာကို စားပါ။

 

6.      မနက်စာ မစားခြင်း

          တစ်ညလုံး မစားထားတဲ့အတွက် မနက်စာလည်း မစားဘဲနေတာက အမှားတစ်ခုပါပဲ။ ခန္ဓာကိုယ်ကြီး တစ်နေ့လုံး လုပ်ဆောင်နိုင်ဖို့အတွက် လောင်စာ လိုပါတယ်။ မနက်စာဆိုတာက အရေးကြီးဆုံးဖြစ်တဲ့အတွက် ဘယ်တော့မှ မစားဘဲမနေပါနဲ့။

 

7.      မစဉ်းစား မဆင်ခြင်ဘဲ သောက်ခြင်း

          ဘီယာ၊ အရက်၊ ဝိုင်၊ အချိုရည်တွေက သောက်တော့သာ လွယ်ပေမယ့်လည်း ကယ်လိုရီတွေက တော်တော်တက်ပါတယ်။ ဒီအဖျော်ယမကာတွေအစား ကျန်းမာရေးနဲ့ညီတဲ့ ဖျော်ရည်တွေ သောက်ပေးပါ။

 

>>    သတိပြုသင့်တဲ့ တခြားအမူအကျင့်လေးတွေ -

●        အစာစားနေစဉ် TV ကြည့်ခြင်း - တီဗွီကြည့်ရင်း အစာစားရင် ပိုစားမိစေတတ်လို့ အစာအစားနေတုန်းမှာ တီဗွီမကြည့်ပါနဲ့။

●        ကျန်းမာရေးနဲ့မညီတဲ့ ချက်နည်းတွေ - အစားအစာတွေကို ကြော်စားတာက ကျန်းမာရေးနဲ့ မညီတဲ့အတွက် တတ်နိုင်ရင် ပေါင်းစား၊ ပြုတ်စား၊ ကင်စားပါ။

●        ရေ အလုံအလောက် မသောက်ခြင်း - ခန္ဓာကိုယ်က လုပ်ငန်းတွေ ကောင်းကောင်းလည်ပတ်နိုင်ဖို့ ရေအလုံအလောက် သောက်ပေးဖို့ လိုပါတယ်။ ရေများများသောက်လေ ပိန်ဖို့ အခွင့်အရေးများလေပါပဲ။ ရေသောက်တာက ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းစေပြီးတော့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

●        စိတ်တို ဒေါသထွက် ဝမ်းနည်းနေချိန်မှာ စားခြင်း - စိတ်ဖိစီးမှုတွေရှိလို့ အစာစားချင်စိတ် ဖြစ်လာတယ်ဆိုရင် ပီကေ ဝါးစားပါ၊ ရေ တစ်ခွက် သောက်လိုက်ပါ၊ လမ်းလေး ခဏထလျှောက်လိုက်ပါ။ အစာစားလိုက်ပြီးတော့ ကယ်လိုရီတွေ ပိုလာမယ့်အစား တခြားအရာလေးတွေကို ပြောင်းလုပ်ကြည့်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)