ဝမ်းချုပ်တာတွေ သက်သာစေဖို့ ...
1. အမျှင်ဓာတ်များများ ပိုစားပါ၊ ရေများများသောက်ပါ။
တစ်နေ့ကို ရေ ဖန်ခွက်နဲ့ ၈ ခွက် (၈ အောင်စ) ပြည့်အောင် သောက်ပေးပါ။ ပြီးတော့ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ ဆန်လုံးညို၊ ပေါင်မုန့်ညို၊ သစ်သီး စတဲ့ အရောင်စုံပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပါ။ ဝမ်းချုပ်စေတဲ့ အစားအစာတွေကတော့ ကစီဓာတ်များတဲ့ အစားအစာတွေ၊ နို့ထွက်ပစ္စည်းတွေ၊ သကြားနဲ့ ထုတ်ထားတဲ့ အစားအစာတွေ၊ ရေဓာတ်ခမ်းခြောက်စေတဲ့ အစားအစာတွေ၊ အမျှင်ဓာတ်နည်းတဲ့ အစားအစာတွေပါ။
2. အိမ်သာတက်ချင်လာရင် အောင့်မထားပါနဲ့။
အရမ်းအလုပ်ရှုပ်နေပေမယ့်လည်း ခန္ဓာကိုယ်ရဲ့ အချက်ပေးသံတွေကို လျစ်လျူရှုမထားသင့်ပါဘူး။ ဗိုက်နာပြီး အိမ်သာတက်ချင်တာကို ခဏခဏ မသိချင်ယောင် ဆောင်ထားတာမျိုး၊ မသွားသေးဘဲ အောင့်ထားတာတွေ လုပ်တာတွေ များလာရင် ခန္ဓာကိုယ်ကလည်း ပြန်ပြီးအသိအမှတ်မပြု ဖြစ်လာပါတယ်။ ကိုယ်သွားချင်တဲ့ အချိန်လည်းရောက်ရော အိမ်သာတက်ချင်စိတ်က ပျောက်သွားပြီး သွားလို့မရတော့ကာ ဝမ်းချုပ်တတ်ပါတယ်။
3. ကိုယ့်ရဲ့ဝမ်းအကျင့်ကို ရေးမှတ်ထားပါ။
ကိုယ့်ရဲ့ ဝမ်းသွားတဲ့အကျင့်က ကျန်းမာရေးနဲ့ညီရဲ့လားဆိုတာကို သိချင်ရင် သေချာရေးမှတ်ထားပါ။ ဒါက ရယ်စရာကောင်းတယ်လို့ ထင်ရပေမယ့်လည်း ကိုယ့်ရဲ့ဝမ်းအကျင့်ကိုသိဖို့နဲ့ အပြောင်းအလဲတွေကိုသိဖို့ တကယ်ကို အရေးပါ,ပါတယ်။ မှတ်တမ်းမှာ တစ်ခုခု စိုးရိမ်စရာတွေ့ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
4. ဝမ်းပျော့ဆေးတွေ ခဏခဏ မစားပါနဲ့။
အူတွေက သဘာဝစည်းချက်တွေနဲ့ လှုပ်ရှားနေတာပါ။ ဝမ်းပျော့ဆေး တစ်ခါတလေစားတာက ဘာမှမဖြစ်ပေမယ့် ခဏခဏစားနေရင် သူ့ရဲ့သဘာဝကို ပျက်စီးစေပါတယ်။ ဝမ်းချုပ်တာ အရမ်းကြာလာရင် နေထိုင်မှုပုံစံ ပြောင်းလဲပေးတာက ပိုပြီးတော့ကောင်းတဲ့ ဖြေရှင်းနည်းဖြစ်ပါလိမ့်မယ်။
5. လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းလုပ်တာက အူတွေဆီကို သွေးစီးဆင်းမှုနဲ့ လှုပ်ရှားမှုတွေကို ပိုကောင်းစေပြီးတော့ အထိုင်များတာကတော့ ဝမ်းချုပ်စေပါတယ်။ လမ်းနည်းနည်း လျှောက်ပေးတာ၊ တချို့သော ယောဂကျင့်စဉ်တွေက ဝမ်းချုပ်တာကို သက်သာစေပါတယ်။ ဒီတော့ နေ့စဉ်လေ့ကျင့်ခန်း လုပ်ဖြစ်အောင် လုပ်ပေးပြီးတော့ ထိုင်ရတဲ့အလုပ်ဆိုရင်လည်း မိနစ် ၆၀-၉၀ တစ်ခါလောက် လမ်းထထလျှောက်ပေးပါ။
6. မနက်ပိုင်းမှာ အိမ်သာတက်ချိန် ပေးပါ။
မနက်ပိုင်းမှာ အိမ်သာတက်ချိန်ရဖို့ အချိန်ဆွဲထားပေးပါ။ မနက်စာစားပြီးချိန်မှာဆိုရင် ပိုကောင်းပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်း လှုပ်ရှားမှုတွေက မနက်ခင်းမှာ အကောင်းဆုံးဖြစ်လို့ အချိန်မရဘူးဆိုရင်တောင်မှ မနက်ကို ၁၀ မိနစ်လောက် စောထပြီးတော့ အိမ်သာတက်ချိန်ပေးပါ။
7. အိမ်သာတက်တဲ့နည်းလမ်းကိုလည်း ပြင်ပါ။
ပြောချင်တာကတော့ ငယ်ငယ်ကတည်းက ဗိုလ်ထိုင်အိမ်သာမှာထိုင်ပြီး ပါလာပေမယ့်လည်း ဝမ်းချုပ်တဲ့ပြဿနာကို ကြုံနေရပြီဆိုရင်တော့ ပုံစံကို ပြင်ဖို့လိုပါတယ်။ ဆောင့်ကြောင့်ထိုင်ပြီးတော့ ပါတဲ့နည်းက ကောင်းပါတယ်။ ဒီအတိုင်း ထိုင်နေတဲ့အခါမှာ ကြွက်သားတွေက တောင့်နေပြီးတော့ ဆောင့်ကြောင့် ထိုင်တဲ့အခါမှာတော့ ကြွက်သားတွေ ပြေလျော့လာကာ အူထဲကနေ မစင်တွေထွက်ဖို့ကို အားပေးပါတယ်။ တင်ပါးဆုံမှာရှိတဲ့ကြွက်သားတွေ ပိုပြီးတော့ ပြေလျော့စေဖို့ဆိုရင် ဆောင့်ကြောင့်ထိုင်တဲ့အချိန်မှာ ဒူးခေါင်းက တင်ပါးထက် လက်မအနည်းငယ်လောက် ပိုမြင့်ရင်ကောင်းပါတယ်။ အကောင်းဆုံးကတော့ ဖင်ထိုင်ခုံသေးသေးလေးကို အိမ်သာနားမှာထားပြီးတော့ အိမ်သာသွားရင် ဖင်ထိုင်ခုံပေါ် ခြေထောက်လေးတွေ တင်ထားတာ အကောင်းဆုံးပါ။ အိမ်သာခုံပေါ်မှာ ထိုင်တဲ့အခါမှာ ရင်ဘတ်တွေက ဒူးခေါင်းတွေကို ထိတဲ့အထိ ရှေ့ကိုကွေးထားပြီးတော့ ပေါင်တွေကို လက်နဲ့သိုင်းယှက်ပြီးတော့ ပွေ့ထားပါ။ ပြီးတော့ အသက်ပြင်းပြင်း ရှူသွင်းပါ။ ပြီးရင် အသက်ပြန်ရှူလိုက်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























