ဝမ်းပျက်ဝမ်းလျှောဖြစ်၊ အန်တဲ့အခါမှာ ဆောင်ရန်၊ ရှောင်ရန် အချက်များ
အစာအဆိပ်သင့်ခြင်း၊ တုပ်ကွေး (သို့) တခြားဗိုင်းရပ်စ်ပိုးတွေကြောင့် အန်တာတွေ၊ ဝမ်းပျက်တာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေတော့ တစ်ရက်၊ နှစ်ရက်အတွင်းမှာ သူ့အလိုလို ပြန်ပျောက်သွားနိုင်ပေမယ့်လည်း မပျောက်ဘဲ ပိုဆိုးလာပြီး ချက်ချင်း ဆေးကုသမှုခံယူဖို့ လိုတာတွေလည်း ရှိလာနိုင်ပါတယ်။
အဖြစ်များတဲ့ ပျို့အန် ဝမ်းပျက်ဝမ်းလျှောဖြစ်တာအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို မျှဝေပေးချင်ပါတယ်။
>> ဆောင်ရန်အချက်များ
● ကိုယ်အပူချိန်ကိုစစ်ပါ။
ဝမ်းပျက်ဝမ်းလျှော၊ အန်တဲ့အခါတွေမှာ ကိုယ်ပူ? မပူ (အပူချိန် 100.4°F နှင့်အထက်) ဆိုတာက ဖြစ်နိုင်တဲ့ အကြောင်းအရင်းကို ရှာတဲ့နေရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သေချာစောင့်ကြည့်ပြီးတော့ ကိုယ်ပူတယ်ဆိုရင် ဆရာဝန်နဲ့ပြပါ။
● ဝမ်းသွားတာ ဘယ်နှကြိမ်၊ အန်တာ ဘယ်နှကြိမ်ဆိုတာကို မှတ်ထားပါ။
ကိုယ် ဝမ်းသွားတဲ့၊ အန်တဲ့အကြိမ်ရေတွေကို သေချာမှတ်ထားဖို့ အရေးကြီးပါတယ်။ ဒါမှ ဆေးခန်းပြတဲ့အခါ ဝမ်းသွားတဲ့အကြိမ်ရေ၊ ပမာဏကိုကြည့်ပြီးတော့ သာမန်အခြေအနေပဲလား၊ စိုးရိမ်ရလားဆိုတာကို ဆရာဝန်၊ ဆရာမတွေက ဆုံးဖြတ်နိုင်မှာပါ။
● အရည်ကို နည်းနည်းနဲ့ မကြာခဏ သောက်ပေးပါ။
ဝမ်းလျှော၊ အန်တဲ့အခါမှာ ရေဓာတ်ပြည့်ဝအောင်နေဖို့ ရေများများ သောက်ရမယ်ဆိုပေမယ့်လည်း ရေအများကြီးကို မြန်မြန်ကြီး သောက်လိုက်တာက အစာအိမ်ကို သွားထိခိုက်စေပြီးတော့ ပိုအန်စေနိုင်ပါတယ်။ ဒီတော့ အန်တယ်ဆိုရင် ၅-၁၀ မိနစ်ခြား တစ်ကြိမ်လောက် ရေနည်းနည်းစီ သောက်ပေးတာက အကောင်းဆုံးပါပဲ။ ပြီးတော့ ရိုးရိုးရေ သောက်မယ့်အစား ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ဆားဓာတ်နဲ့ တခြားဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် ဓာတ်ဆားရည်ကို သောက်တာ ပိုကောင်းပါတယ်။ သီးစုံဓာတ်ဆား မဟုတ်ပါဘူး။ ရိုးရိုးဓာတ်ဆားရည်ပဲ သောက်ပါ။
● ကစီဓာတ် ရိုးရိုးကို စားပါ။
ဗိုက်မကောင်းတဲ့အခါနဲ့ ပြန်ကောင်းခါစအချိန်တွေမှာ ထမင်းဖြူ၊ ခေါက်ဆွဲ၊ ခရက်ကာ၊ ငှက်ပျောသီး စတဲ့ ရိုးရှင်းတဲ့အစားအစာတွေက အကောင်းဆုံးပါ။ ပုံမှန်ပြန်ဖြစ်ပြီဆိုရင်တော့ ကျန်တဲ့ ကိုယ်ကြိုက်တဲ့အစားအစာတွေကို ဖြည်းဖြည်းချင်း ပြန်စားလို့ရပါပြီ။
>> ရှောင်ရန်အချက်များ
● ပြင်းထန်တဲ့ရောဂါလက္ခဏာတွေကို ဂရုမစိုက်ဘဲနေတာ
ကိုယ်အပူချိန် 100.4°F ထက် တက်ခြင်း၊ အန်တာ ဝမ်းလျှောတာ ၄၈ ထက် ပိုကြာခြင်း၊ ဗိုက်အောင့်ခြင်း၊ ရေဓာတ် ခမ်းခြောက်တဲ့လက္ခဏာတွေဖြစ်တဲ့ ပင်ပန်းနွမ်းနယ်၊ မူးဝေ၊ အာခေါင်တွေခြောက်၊ ဆီးရောင်ရင့်တာတွေ ဖြစ်လာရင် ဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ဒါကိုဂရုမစိုက်ဘဲ ကုသမှု မခံယူဘူးဆိုရင် အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကြုံရနိုင်ပါတယ်။
● ကိုယ်ပူတဲ့အခါမှာ ဝမ်းပိတ်ဆေးတွေ သောက်တာ
ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရနိုင်တဲ့ ဝမ်းပျက်ဝမ်းလျှောအတွက် သောက်ဆေးတွေက ထိရောက်မှုရှိနိုင်ပေမယ့် ကိုယ်ပါပူရင်တော့ ဒီဆေးတွေကို မသောက်သင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီဆေးတွေကြောင့် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေ အူထဲမှာ စုပုံလာနိုင်ပါတယ်။ ဖြစ်တော့ဖြစ်ခဲပေမယ့်လည်း အူပေါက်တာအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပါပူတယ်ဆိုရင် ကိုယ့်ဟာကိုယ် ဆေးဝယ်မသောက်ဘဲ ဆရာဝန်၊ ဆရာမနဲ့ ပြသသင့်ပါတယ်။
● နေမကောင်းဖြစ်နေချိန်မှာ တခြားသူအတွက် အစားအစာ ပြင်ဆင်ပေးခြင်း
စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့သူ (သို့) အိမ်မှာ ချက်ပြုတ်ရတဲ့ အိမ်ရှင်မတွေဆိုရင် ဒီလိုဝမ်းပျက်ဝမ်းလျှော အန်တဲ့အချိန်မှာ တခြားသူတွေအတွက် အစားအစာ ချက်ပြုတ်ပြင်ဆင်ပေးတာတွေ မလုပ်ဖို့အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒါက အစားအစာကနေပြီးတော့ ကူးစက်နိုင်လို့ပါ။ ဒီတော့ ရောဂါလက္ခဏာတွေပျောက်ပြီး ၂၄ နာရီလောက်ကြာတဲ့အထိ လက် ခဏခဏဆေးတာအပြင် သူများတွေကို အစားအစာ ပြင်ဆင်ချက်ပြုတ်ပေးတာမျိုးလည်း မလုပ်ပါနဲ့။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























