သက်သတ်လွတ်စားရင် ဘာတွေဖြစ်နိုင်လဲ
လူတိုင်းဟာ အကောင်းဆုံး ခံစားနိုင်ဖို့အတွက် ဘဝမှာ အပြောင်းအလဲတွေရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နေ့တိုင်းစားသောက်ပုံဟာ ကိုယ့်ခံစားချက်နဲ့ ကိုယ်ပါပဲနော်။ ဘာဂါအသားညှပ်ပေါင်မုန့်၊ ဒါမှမဟုတ် ကြက်သား၊ ဒါမှမဟုတ် ငါး ဘာပဲစားချင်ချင် စားပစ်လိုက်ပါ။ ဒါပေမဲ့ သက်သတ်လွတ် စားကြည့်မယ်ဆိုရင်တော့ ကိုယ်ခန္ဓာမှာ အပြောင်းအလဲတွေဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။
အသီးအရွက်တွေနဲ့ မပြုပြင်ထားတဲ့ အစေ့အန့ှံတွေက ကျန်းမာရေးကို ဘက်ပေါင်းစုံကနေ ကောင်းစေပြီးတော့ ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အသားမစားသူတွေမှာ သွေးပေါင်ကျတာ၊ ကိုလက်စထရောဓာတ် ကျတာမျိုးတွေ တွေ့ရပါလိမ့်မယ်။
ဒါ့အပြင် -
၁။ စိတ်ခံစားချက်တွေလည်း မြင့်တက်လာပါလိမ့်မယ်။
စိတ်ခံစားချက်နဲ့ ပတ်သတ်ရင် အိပ်ရေးဝမဝ၊ လေ့ကျင့်ခန်းလုပ်ပုံ စသဖြင့် အကြောင်းရင်း အမျိုးမျိုးက ခြယ်လှယ်နေလိမ့်မယ်။ ဒီအကြောင်းရင်းတွေထဲမှာ စားသောက်တာကလည်း တစ်ကြောင်းအပါအဝင်ပါပဲ။ ဒါကြောင့် သက်သတ်လွတ်စားတာက စိတ်ခံစားချက်ကို မြင့်တက်စေပါလိမ့်မယ်။
၂။ လျှာအရသာခံ အဖုလေးတွေလည်း ပြောင်းလဲသွားနိုင်တယ်။
သက်သတ်လွတ် စားလိုက်ပြီဆိုတာနဲ့ လျှာအရသာလည်း တဖြည်းဖြည်း ပြောင်းလဲလာတာကို တွေ့ရမှာပါ။ တခြားအစားအသောက်တွေရဲ့ အရသာကို အပြည့်အဝ ခံစားရလာပါလိမ့်မယ်။ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အရသာတွေ၊ အရသာပေါ့ပေါ့တွေကိုတောင် အရသာတွေ့လာမှာပါနော်။
လျှာအရသာခံအဖုတွေကို ထုံသွားစေနိုင်တဲ့ ဆားများပြီး ပြုပြင်ထားတဲ့ အစားအသောက်တွေကို မစားမိတော့တာမို့ ဖြစ်နိုင်တယ်လို့ဆိုတယ်။ သက်သတ်လွတ်သမားတွေမှာ ချို့တဲ့နေတတ်တဲ့ ဇင့်ဓာတ်ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုတယ်။ ဒါကြောင့် သက်သတ်လွတ် စစားပြီး အရသာပေါ့လာခဲ့ရင် ဇင့်ဓာတ်များတဲ့ မပြုပြင်ထားတဲ့အစေ့အနှံ၊ ဟင်းနုနွယ်၊ ပဲစိမ်းနဲ့ တို့ဟူးချဉ်တွေကို တိုးစားကြည့်ပါ။
၃။ လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သားတွေဒဏ်ပြေဖို့ အချိန်ကြာတာ တွေ့ရမှာပါ။
အပင်မှာပါတဲ့ ပရိုတင်း အသားဓာတ်တွေဟာ ဖြိုခွဲဖို့ခက်ခဲပြီး ပြန်လည်တည်ဆောက်အသုံးပြုဖို့ အချိန်ကြာတတ်တာကြောင့် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ဒဏ် တော်ရုံမပြေတာကို သတိထားမိလိမ့်မယ်။ ဒါပေမဲ့ တစ်သက်လုံး နုံးချိနေလိမ့်မယ်လို့ ပြောချင်တာ မဟုတ်ဘူးနော်။ ပရိုတင်း များများထည့်စားပေးရုံနဲ့တင် အဆင်ပြေပါလိမ့်မယ်။
၄။ ခွန်အားတွေ တိုးလာတာကိုလည်း တွေ့လိမ့်မယ်။
ဗီတာမင်၊ အင်ဆီအောက်စီဒန့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များများရလာတာ၊ အစာခြေစနစ် ပိုကောင်းလာတာ၊ အမျှင်ဓာတ်တွေ များလာတာတွေကြောင့် ခွန်အားတွေ တိုးလာတာကို တွေ့ရပါလိမ့်မယ်။
၅။ ခါတိုင်းထက်ကို ပိုရင်ပြည့်နေလိမ့်မယ်။
အစပိုင်းမှာတော့ နည်းနည်း နေထိုင်ရခက်တတ်တယ်။ အသီးအရွက်တွေမှာ အမျှင်ဓာတ်တွေ အများကြီးနဲ့ ဘတ်တီးရီးယားပိုးကောင်းတွေ အများကြီးပါလို့ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် အရမ်းကိုကောင်းတယ်နော်။ ဒါပေမဲ့ အမျှင်ဓာတ်များတာကို ကျင့်သားရအောင် နေရချိန်မှာတော့ နည်းနည်းရင်ပြည့်ရင်ကယ်ဖြစ်တတ်တယ်။ ယာယီပဲမို့ စိတ်ပူစရာတော့ မရှိဘူးနော်။ တကယ်လို့ ရင်ပြည့်နေတယ်ဆိုရင် ရေများများသောက်ပြီး ပန်းဂေါ်ဖီစိမ်းလို ရင်ပြည့်စေတဲ့ အစားအသောက်တွေကို ရှောင်ပေးပေါ့။
၆။ ကလေးလေးတစ်ယောက်လိုပဲ အိပ်ပျော်လိမ့်မယ်။
စိတ်ခံစားချက်လိုပဲ၊ အိပ်ပျော်တယ် မပျော်ဘူးဆိုတာဟာလညး် အကြောင်းရင်းတွေ အများကြီးပေါ် မူတည်နေတယ်။ ကျွမ်းကျင်သူအများစုကတော့ သက်သတ်လွတ်သမားတွေဟာ ပိုပြီးကောင်းကောင်း အိပ်ပျော်တယ်ဆိုတာကို တွေ့ရလိမ့်မယ်။
၇။ အိမ်သာအလေ့အကျင့်လည်း ပြောင်းလဲလာလိမ့်မယ်။
အသီးအရွက်တွေ ပြောင်းစားသူတွေမှာ ကြုံတွေ့ရတာကတော့ ဝမ်းပြဿနာပါပဲ။ တချို့တွေက ဝမ်းလျှောသလို၊ တချို့တွေက ဝမ်းချုပ်လိမ့်မယ်။ တချို့ကျတော့ လျှောလိုက်၊ ချုပ်လိုက်ပေါ့။
အစပိုင်းမှာတော့ စိတ်ညစ်ဖို့ ကောင်းပေမယ့် ကိုယ်ခန္ဓာက အလေ့အကျင့် ဖြစ်လာတဲ့အခါ အဆင်ပြေသွားပါလိမ့်မယ်။ တကယ်လို့ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ ပြကြည့်လိုက်ပါ။
၈။ အချိန်ကြာကြာ ဗိုက်ပြည့်နေတာကို တွေ့ရလိမ့်မယ်။
အစာစားပြီးချိန်မှာ အချိန်ကြာကြာ ဗိုက်ပြည့်နေတတ်တယ်။ တစ်နေကုန် အချိုဓာတ် ကျတာတွေကိုလည်း နည်းစေနိုင်တယ်နော်။ ဒါဟာလည်း အမျှင်ဓာတ်များတာကြောင့် ဖြစ်တတ်တယ်။
၉။ အသားအရေ ကြည်လင်လာတာကို တွေ့ရလိမ့်မယ်။
သက်သတ်လွတ်သမားတိုင်း အသားအရေ ကြည်လင်တာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သက်သတ်လွတ်စားတာနဲ့ အသားအရေ ကြည်လင်တာနဲ့တော့ ဆက်စပ်မှု ရှိနေတယ်ဆိုတာ အမှန်ပါပဲ။
၁၀။ ပင်ပန်းနေတတ်တယ်။
ကောင်းကောင်း ကျင့်သားရမယ့် အချိန်အထိတော့ ပင်ပန်းနုံးချိနေတတ်တယ်နော်။ အဓိက,က ဗီတာမင် ချို့ယွင်းမှုကြောင့်ပါ။ ဗီတာမင် B12, Dနဲ့ သံဓာတ်တွေ အားနည်းနေလို့ပါ။
ဗီတာမင် B12 နဲ့ D တို့ဟာ တိရစာၦန်အစားအသောက်တွေမှာ အဓိကပါတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြည့်စွက်အားဆေး သောက်ဖို့လိုရင် သောက်ရပါမယ်။ စားတဲ့အထဲမှာ အဆီနည်းနေရင်လည်း အဆီထဲပျော်ဝင်တဲ့ ဗီတာမင် D, A, E, K တွေ ချု့ိယွင်းတတ်တယ်။ အဆီများတဲ့ အသီးအရွက်တွေကို စားပေးပေါ့။
ပြီးတော့ သံဓာတ်တွေ စားပေးဖို့လည်း လိုတယ်။ အများစုက သံဓာတ်ကို အသားကနေ ရလေ့ရှိတယ်။ သက်သတ်လွတ် ပြောင်းစားတဲ့အခါ သံဓာတ်များတဲ့ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင်အသီးအရွက်၊ အသီးခြောက်၊ သံဓာတ် ဖြည့်စွက်ထားတဲ့ပေါင်မုန့်နဲ့ cereal မနက်စာတွေကို စားပေးသင့်တယ်။ ဗီတာမင်စီကြွယ်ဝတဲ့ အချဉ်သီးတွေ၊ အစိမ်းရောင်အသီးအရွက်တွေ၊ ငရုတ်ပွအနီရောင်၊ အစိမ်းရောင်တွေ များများစားပေးသင့်တယ်။
၁၁။ ဟော်မုန်းတွေ ပြောင်းလဲနိုင်တယ်။
သဘာဝအတိုင်းမဟုတ်တဲ့ အသားတွေ၊ ကြက် ဘဲ တွေမှာပါတဲ့ ဟော်မုန်းတွေကို ရှောင်ရှားလိုက်သလို ဖြစ်တတ်တဲ့အတွက် ဟော်မုန်းတွေ သမမျှတသွားလိမ့်မယ်။ အုန်းဆီ၊ သံလွင်ဆီ၊ ချိုင်ယာဆီနဲ့ ထောပတ်မှာပါတဲ့ အိုမီဂါ ၃ အဆီဓာတ်က ခန္ဓာကိုယ်အတွက် ကောင်းတဲ့ HDL အဆီဓာတ်ကို များစေတတ်သေးတယ်နော်။
ဒါပေမဲ့ သက်သတ်လွတ်သမားတွေ မှားတတ်တာက ပဲပိစပ်တွေ များများစားမိတာပါပဲ။ ဟော်မုန်းတွေ အပြောင်းအလဲဖြစ်စေနိုင်လို့ ပုံမှန်စားတာ အကောင်းဆုံးပဲနော်။
တကယ်တော့ ဘယ်လိုနေထိုင်စားသောက်နညး်ကမှ မှန်တယ်ဆိုတာ မရှိဘူးနော်။ သက်သတ်လွတ်စားမယ်ဆိုရင်တော့ ဒီလိုအပြောင်းအလဲတွေကို တွေ့ရမှာပါ။ ကြိုးစားကြည့်ကြပေါ့။ နောက်ဆုံးမှာ ရရင်တော့ ကိုယ့်အတွက် အဆင်အပြေဆုံး အစားအစာကို စားပေးဖို့ လိုတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























