သင့်ကိုယ်သင် ထိခိုက်နစ်နာစေမယ့် အကျင့်ဆိုးတချို့ကို ပြင်ကြရအောင် ...
● ညနက်မှ အိပ်တဲ့သူတွေက ချစ်စရာကောင်းတဲ့ ဇီးကွက်လေးတွေမဟုတ်ဘဲ ကြောက်စရာကောင်းတဲ့ ဇွန်ဘီးအကျင့်ရှိသူတွေပါတဲ့။ သင့်တင့်တဲ့အိပ်ချိန်မရှိတဲ့၊ အိပ်ချိန်မမှန်တဲ့ လူငယ်တွေဟာ စောစီးစွာ ရုပ်ရည်ရင့်ရော်လာကြပါတယ်။
● လက်ဆစ်ချိုးတာက အဆစ်ရောင်ရောဂါနဲ့ ဘာမှမသက်ဆိုင်ပေမယ့် အဆစ်ထဲမှာ ရှိနေတဲ့အရည်တွေက ထွက်လာတဲ့ ပူဖောင်းဖောက်သံ တဖြောက်ဖြောက်ပါတဲ့။ လက်ဆစ် သိပ်ချိုးလွန်းတဲ့အခါ လက်တွေ ဖောင်းလာပြီး လက်ဆစ်တွေ ကြီးလာတတ်ပါတယ်။
● လက်သည်းကိုက်တတ်တဲ့ အမူအကျင့်ကိုတော့ ပြင်လိုက်ပါတော့။ သင့်လက်ဟာ သင်မမြင်နိုင်တဲ့ရောဂါပိုးတွေ အများကြီး ထိတွေ့တည်ရှိနေမယ့်နေရာပါ။ လက်သည်းကို ကိုက်တာ အရမ်းဝါသနာပါနေရင် အနံဆိုးတစ်ခုခုပါတဲ့ လက်သည်းအဆီတစ်မျိုးမျိုး ဆိုးထားနိုင်ပါတယ်။ လက်သည်း ကိုက်လွန်းရင် လက်သည်းတွေလည်း ဖွာထွက်ပြီး ကြည့်မလှဖြစ်မှာပါ။
● နားကြပ်နဲ့ နားထောင်လွန်းရင် ဆူညံသံဟာ သင့်ရဲ့အကြားအာရုံကို များမကြာမီ ထိခိုက်နစ်နာစေပါလိမ့်မယ်။ အသက်ကြီးမှ နားမလေးဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အကြားအာရုံမချို့တဲ့ချင်ရင် နားကြပ်နဲ့ သီချင်းနားထောင်တာကို လျှော့ကြပါ။
● အိပ်ရာမဝင်ခင် တယ်လီဖုန်းသုံးခြင်းဟာ အလွန်ထိခိုက်စေတဲ့အကျင့်ပါ။ ပြာလဲ့လဲ့ အလင်းရောင်ဟာ သင့်ကို အချိန်များစွာ နိုးကြားနေစေပြီး အိပ်ချိန်ကို ကမောက်ကမဖြစ်စေပါတယ်။ ညအချိန် ဖုန်းကြည့်သူတွေမှာ ကင်ဆာ၊ ဆီးချိုနဲ့ နှလုံးရောဂါ ဖြစ်ပွားမှု မြင့်တက်လာတာ တွေ့ရပါတယ်။
● အကြာကြီးထိုင်ပြီး အလုပ်လုပ်တာဟာ နှလုံးနဲ့ သွေးတိုးရောဂါတွေနဲ့ ဆက်စပ်နေပြီး ဇီဝရုပ်ဖြစ်ပျက်မှုကို သိသိသာသာ နှေးကွေးစေတာကြောင့် မတ်တတ်အလုပ်လုပ်တာ ပိုကောင်းပါသတဲ့။
● အစားကြီးသူတွေဟာ ဘယ်တော့မှ ကံမကောင်းနိုင်ပါဘူး။ ဘာစားစား အဝစားတဲ့သူဟာ တန်ဆေး လွန်ဘေးဆိုသလိုပဲ ရောဂါအတော်များများဆီ ဦးတည်နေပါပြီ။
● အစားစားတဲ့အခါ သိပ်မြန်မြန်စားတဲ့သူတွေက လိုတာထက်ပိုပြီး စားမိတတ်ကြပါသတဲ့။ ဖြေးဖြေးနဲ့ နည်းနည်းစီ စားတဲ့သူတွေက ဗိုက် သိပ်မပူလာကြဘူးနော်။
● သွားကြားပွတ်ကြိုးနဲ့ သွားကို ပွတ်တိုက်သန့်စင်ပါ။ ရောဂါပိုးတွေ အများကြီး ခိုအောင်းနေတတ်တဲ့ သင့်ခံတွင်းက အရေးပါတဲ့ သွားဖုံးတွေကို လျစ်လျူမရှုသင့်ပါဘူးနော်။ အဲဒီရောဂါပိုးတွေဟာ နှလုံးကြွက်သား ရောင်တာနဲ့ ဆက်စပ်လျက်ရှိပါတယ်။
● တစ်ကိုယ်တည်း အနေများနေရင်လည်း အဆင်ပြေပီလို့ မဆိုနိုင်ပါဘူး။ သိပ်အထီးကျန်လွန်းသူတွေဟာ နှလုံးနဲ့ လေဖြတ်ရောဂါရရှိနိုင်ပြီး သူငယ်ချင်းတွေ ကလပ်တက်ခြင်း၊ လက်ဖက်ရည်သောက်ခြင်း၊ အားကစားလိုက်စားခြင်းတွေနဲ့ အချိန်ကုန်စေသင့်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























