သင့်ကို အမှန်တကယ် အကျိုးဖြစ်စေမယ့် အသက်ရှူနည်း
လူတိုင်းက ကိုယ့်ကိုယ်ကို အသက်ရှူလို့ရှူနေမှန်း သတိမထားဖြစ်ကြပါဘူး။ ရှူသွင်းရှူထုတ်တာကို အမှုမဲ့ အမှတ်မဲ့ နေလိုက်တတ်ကြပါတယ်။ တကယ်တော့ မိမိကိုယ်မိမိ အသက်ရှူနေတယ်ဆိုတာ သတိထားမိ၊ နှာသီးဖျားလေးကနေ ဝင်လေထွက်လေကို သိနေတာက သတိကပ်လိုက်ခြင်းတစ်မျိုးဖြစ်ပြီး မိနစ်နဲ့အမျှ အကျိုးရှိလှပါတယ်။ အသက်ရှူနည်းတွေထဲမှာ အကောင်းဆုံးကတော့ ဝမ်းဗိုက်ကြွက်သားကို အသုံးပြုတာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ နာတာရှည် အဆုတ်ပွရောဂါ ခံစားနေရသူတွေအတွက် ကောင်းမွန်တယ်လို့ ဆိုထားပေမယ့် အခုအချိန်မှာ ပုံမှန်ကျန်းမာနေသူအတွက်ပါ စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပိုမိုနေကောင်း ကျန်းမာစေတယ်လို့ တွေ့ရှိထားရပါတယ်။
မှန်ကန်စွာ အသက်ရှူခြင်းကို ပာန့်တားနေတဲ့အရာတွေကတော့ -
● စိတ်ဖိစီးမှု
● တင်းကြပ်တဲ့ အောက်ခံအဝတ်အစားတွေ
● အကျႌကြပ်ကြပ်ဝတ်တာ
● မတ်မတ်ဆန့်ဆန် မနေတတ်တာ
● ပခုံးတွေ ချီပြီး တင်းနေတတ်တာ
ရင်ဝမ်းခြားကြွက်သားဆိုတာ အသက်ရှူလိုက်တိုင်း အပေါ်အောက်ရွေ့လျားပြီး အလုပ်လုပ်တဲ့ နံရိုးအောက်က ကြွက်သားပြားကြီး ဖြစ်ပါတယ်။ ဒီကြွက်သားကို မှန်ကန်စွာလှုပ်ရှားစေမှ တကယ်ကျန်းမာတဲ့အသက်ရှူနည်း ဖြစ်ပါတယ်။
နာတာရှည် အဆုတ်ပွရောဂါ ခံစားနေရသူတွေမှာ ဒီကြွက်သားပာာ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီတော့ မိမိရဲ့ဝမ်းဗိုက်ကို ဖောင်းလိုက်ပိန်လိုက်လုပ်ပြီး အသက်ရှူလေ့ကျင်ခန်း လုပ်တာက မှန်ကန်အကျိုးဖြစ်တဲ့နည်း ဖြစ်ပါတယ်။
ဝမ်းဗိုက်နဲ့အသက်ရှူနည်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
● သက်သောင့်သက်သာ မှီထိုင်တာဖြစ်စေ၊ လဲလျောင်းတာဖြစ်စေ ပြုလုပ်ပါ။
● ပခုံး ချပါ၊ တင်းမနေစေပါနဲ့။
● ဝမ်းဗိုက်ဖောင်းလာတဲ့အထိ နှာခေါင်းကနေ အသက်ရှူသွင်းပါ။
● နှာခေါင်းကနေ ရှူထုတ်လိုက်တဲ့အခါ နှုတ်ခမ်း အနည်းငယ်ပွင့်နေပါစေ။
အစပိုင်းမှာ ထိုင်လျက် လှဲလျက် ကျင့်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ လမ်းလျှောက်ရင်းဖြစ်စေ၊ လှေကားတက်ရင်းဖြစ်စေ အသက်ရှူလေ့ကျင့်ခန်း လုပ်ကြည့်နိုင်ပါတယ်။
နာတာရှည် အဆုတ်ပွရောဂါ ခံစားနေရသူအတွက် အကြံကောင်းတွေကတော့ -
● အထက်ပါ အသက်ရှူလေ့ကျင့်ခန်းကို အခါအခွင့်သင့်တိုင်း ပြုလုပ်ပါ။
● မောလာတဲ့အခါ ဘာပဲလုပ်နေလုပ်နေ ရပ်လိုက်ပြီး သတိရှိရှိနဲ့ ခပ်ဖြည်းဖြည်း အသက်ရှူဖို့ ကြိုးစားကြည့်ပါ။
● ပခုံးတွေ၊ လက်တွေကို ပြေလျော့နေပါစေ။
● ဖုန်တွေ၊ အမှုန်တွေ၊ အနံ့ပြင်းပြင်းတွေ၊ လူထူထပ်တဲ့နေရာတွေကို ရှောင်ပါ။
● ဆရာဝန်ဆီမှာ အဆုတ်ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ခံယူပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























