/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင့်နှလုံးကြွက်သားများ-ကြံ့ခိုင်ကျန်းမာစေဖို့-လိုက်နာသင့်သော

သင့်နှလုံးကြွက်သားများ ကြံ့ခိုင်ကျန်းမာစေဖို့ လိုက်နာသင့်သော နည်းလမ်းအသွယ်သွယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လေ့ကျင့်ခန်း လုပ်လိုက်တာနှင့် နှလုံး အမောဖောက်လာတော့မယ်လို့ လူတွေက ထင်ကြပါတယ်။ တကယ့်လက်တွေ့မှာ လေ့ကျင့်ခန်းလုပ်နေစဉ် နှလုံးအမောဖောက်ခြင်းဖြစ်စဉ်ဟာ မရှိသလောက် နည်းပါးပါတယ်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် အချိန်ကြာလာတာနှင့်အမျှ နှလုံးရောဂါဖြစ်ပေါ်နှုန်းကို ကောင်းစွာလျှော့ချနိုင်မှာ ဖြစ်ပါတယ်။

          ကျွန်ုပ်တို့အသက်ရှင်ဖို့ အဓိကအရာဖြစ်တဲ့ နှလုံးကို ကြွက်သားများဖြင့် ဖွဲ့စည်းထားပါတယ်။ နှလုံးကြွက်သားများ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများက အဓိကကဏ္႑ကနေ ပါ၀င်နေပါတယ်။ လှေကားတက်ခြင်း၊ မြေးများကို ချီပိုးဆော့ကစားခြင်း၊ လမ်းလျှောက်ခြင်း၊ ဂေါက်ရိုက်ခြင်း အစရှိသော သင်အားသန်ရာ ကိုယ်လက်လှုပ်ရှားမှု တစ်မျိုးမျိုးကို နေ့စဉ်ပြုလုပ်ပေးသင့်ပါတယ်။ တကယ်လို့ သင်ဟာလုံး၀ကို ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လေ့ရှိသူ မဟုတ်ပါက စိတ်မပျက်ဘဲ ဘယ်လိုမျိုး စတင်လေ့ကျင့်နိုင်လဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ နောက်ကျခြင်းဟာ လုံး၀မပြုလုပ်တာထက်စာရင်တော့ ကောင်းသေးတယ် မဟုတ်လား။

          နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း မစတင်မီမှာ ပထမဆုံး သင့်နှလုံးခုန်နှုန်းနဲ့ ပုံမှန်နှလုံးခုန်နှုန်းကို ဘယ်အတိုင်းအတာမှာ ထားလိုသလဲဆိုတာ တွက်ချက်ရပါမယ်။

 

>>    စံနှလုံးခုန်နှုန်းကို တွက်ချက်ပါ။

●        သင့်နှလုံးခုန်နှုန်းကို တိုင်းတာပုံကို အရင်ဆုံး ဖော်ပြပေးပါမယ်။ သင့်လက်ကောက်၀တ် အတွင်းဘက် လက်မနေရာပေါ်သို့ ကျန်လက်တစ်ဖက်ရှိ လက်ညှိုးနှင့် လက်ခလယ်ကို အသုံးပြုပြီး တိုင်းရပါမယ်။ လက်ညှိုးနှင့် လက်ခလယ်ကို သွေးကြောပေါ်သို့ ခပ်ဖွဖွတင်ပါ။

●        သင့်လက်ချောင်းများပေါ်သို့ သွေးတိုးနှုန်းကို ၁၀ စက္ကန့်မျှကြာအောင် တိုင်းတာပါ။ ထိုအကြိမ်အရေအတွက်ကို ၆ ဖြင့် မြှောက်ပြီး သင့်တစ်မိနစ်စာ သွေးတိုးနှုန်းကို တိုင်းတာရရှိနိုင်ပါတယ်။

 

>>    စံသွေးတိုးနှုန်းကို ပုံမှန်ပိုင်ဆိုင်နိုင်ဖို့ လေ့ကျင့်ခန်းများ စတင်လုပ်ဆောင်ပါ။

          သင့်သွေးခုန်နှုန်းကို ပုံမှန်အနေအထားမှာ အမြဲထိန်းသိမ်းဖို့အတွက် အလယ်အလတ် အားစိုက်ရသော လေ့ကျင့်ခန်းများကို လုပ်ဆောင်သင့်ပါတယ်။ ဥပမာ - ရွရွခုန်ခြင်း၊ တောင်တက်ခြင်း၊ တင်းနစ်ကစားခြင်း၊ ရေကူးခြင်း။

          ဆိုလိုတာကတော့ အားစိုက်ထုတ်ကစားရသော လေ့ကျင့်ခန်းများကြောင့် သွေးခုန်နှုန်း မြန်ဆန်လာပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်နေစဉ် စကားမပြောနိုင်တော့လောက်အောင် မောလာပါက သင့်အတွက် ပြင်းထန်သော လေ့ကျင့်ခန်းလို့ သတ်မှတ်ပါတယ်။

 

>>    ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။

          အမေရိကန်နိုင်ငံ နှလုံးကျန်းမာရေးအဖွဲ့ရဲ့ ညွန်ကြားချက်အရ အလယ်အလတ် အားစိုက်ရသော လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် အနည်းဆုံး ၁၅၀ မိနစ်ခန့် ပြုလုပ်ခြင်းဖြင့်  နှလုံးနှင့်အဆုတ် ကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ၁၅၀ မိနစ်ကို အချိူးကျ တစ်ပတ်လျှင် ၃ ရက်ကနေ ၅ ရက် ပြုလုပ်နိုင်ပါတယ်။ အရိုးအဆစ်များ သန်မာလိုပါက အားစိုက်ထုတ်ရသော လေ့ကျင့်ခန်းများကို တစ်ပတ် ၂ ရက်ခန့် ပြုလုပ်ပေးဖို့လည်း ထပ်မံညွှန်ကြားထားပါသေးတယ်။

          လေ့လာချက်များအရ နေ့စဉ် အသေးစား ကိုယ်လက်လှုပ်ရှားမှုများ (ဓာတ်လှေကားအစား လှေကားအသုံးပြုခြင်း၊ အကြောဆန့်ခြင်း၊ ထိုင်ထလုပ်ခြင်း စသည်) တို့ကို လုပ်ဆောင်ခြင်းဖြင့်လည်း နှလုံးကျန်းမာရေးကို အထောက်အကူပြုကြောင်း တွေ့ရှိရပါတယ်။ ဆိုလိုခြင်တာကတော့ မည်သည့် ကိုယ်လက်လှုပ်ရှားမှုမှ မပြုလုပ်ဘဲ တစ်နေကုန် တီဗီထိုင်ကြည့်နေခြင်း၊ အိပ်ရာပေါ်တွင် လဲလျောင်းနေခြင်း စသော sedentary lifestyle မျိုးကို မပြုပြင်ပါက သင့်နှလုံးကျန်းမာရေးအတွက် ဆိုးကျိုးများကိုသာ ဖြစ်စေမှာမို့ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့ အရေးကြီးလှပါတယ်။

 

>>    ကိုယ်လက်လှုပ်ရှားမှုများ မစတင်မီ ဆရာ၀န်နှင့် တိုင်ပင်ဆွေးနွေးဖို့ လိုပါသလား?

●        သာမန်နှင့် အလယ်အလတ် အားစိုက်ရသော ကိုယ်လက်လှုပ်ရှားမှုများကို စတင်ဖို့ကတော့ ဆရာ၀န်နှင့်တိုင်ပင်ဖို့ မလိုအပ်ပါ။ သင့်မှာ နှလုံးနှင့် ပတ်သက်သော ရောဂါရှိနေခြင်း သို့မဟုတ် သွေးတိုး၊ ဆီးချို၊ ကိုလက်စထရော များနေခြင်း စသော နှလုံးရောဂါ ဖြစ်စေနိုင်သည့် အချက်များရှိနေရင်တောင်မှ အပေါ့စားနှင့် အလယ်အလတ် အားစိုက်ရသော လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။

●        သို့သော် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမ၀ခြင်း၊ ခြေလက်များ ထုံကျဉ်ခြင်း၊ ခြေထောက်များ ဖောယောင်နေခြင်းစသော လက္ခဏာများရှိနေပါက ဆရာ၀န်နှင့် ပြသတိုင်ပင်ပြီးမှသာလျှင် လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။

          နှလုံးကျန်းမာရေး လေ့ကျင့်ခန်းများကို နည်းပြအဖြစ် ဆောင်ရွက်ပေးနေသော အမေရိကန်နိုင်ငံသား Kroner ကို မေးမြန်းရာတွင် " လေ့ကျင့်ခန်း လုပ်လိုက်တာနှင့် နှလုံးအမောဖောက်လာတော့မယ်လို့ လူတွေက ထင်ကြပါတယ်။ တကယ့်လက်တွေ့မှာ လေ့ကျင့်ခန်းလုပ်နေစဉ် နှလုံးအမောဖောက်ခြင်းဖြစ်စဉ်ဟာ မရှိသလောက် နည်းပါးပါတယ်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် အချိန်ကြာလာတာနှင့်အမျှ နှလုံးရောဂါ ဖြစ်ပေါ်နှုန်းကို ကောင်းစွာ လျှော့ချနိုင်မှာ ဖြစ်ပါတယ် " လို့ ဖြေကြားခဲ့ပါတယ်။

          သို့ပေမယ့်လည်း သင်ဟာ လေ့ကျင့်ခန်းပြုလုပ်စဉ်မှာ အလွန်မောခြင်း၊ အသက်ရှူမ၀ခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပေါ်ပါက လေ့ကျင့်ခန်း ပြုလုပ်ခြင်းကို ရပ်တန့်ပြီး ဆရာ၀န်နှင့် ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။

          နှလုံးကျန်းမာရေးအတွက် လေ့ကျင့်ခန်းပြုလုပ်ခြင်းက အရေးကြီးတဲ့ ကဏ္႑တစ်ရပ်အဖြစ် ပါ၀င်နေသလိုပဲ အဆီအဆိမ့်နှင့် အငန်များ လျှော့စားခြင်း၊ ဆေးလိပ်နှင့် အရက်သေစာ ရှောင်ကြဉ်ခြင်း၊ စိတ်ဖိစီးမှုများကို လျှော့ချခြင်းတို့ဟာလည်း အရေးကြီးပါတယ်။ သင့်ကျန်းမာရေးအတွက် အစားအသောက်၊ အနေအထိုင်ကို ပြုပြင်ပြောင်းလဲခြင်းဖြင့် သက်ရှည်ကျန်းမာလှပသော ဘ၀များစွာကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)