သင့်မှာ ပန်ကရိယကင်ဆာ ဖြစ်နေပြီလား
ကင်ဆာဆိုတာ အသာငြိမ်ငြိမ်လေး ငုတ်လျှိုးနေတတ်တာရှိသလို သိသိသာသာ လက္ခဏာ ပြတာတွေလည်း ရှိပါတယ်။ လက္ခဏာပြတဲ့အခါ စောစောစီးစီး သိရှိပြီး ကုသမှုခံယူနိုင်တဲ့အတွက် ကောင်းကျိုး ပိုများနိုင်ပါတယ်။ ဒါပေမဲ့ အများစုသော ကင်ဆာတွေက နောက်ကျမှ သိတာများတဲ့အတွက် ကုသမှုခံယူဖို့ နောက်ကျတတ်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါ လက္ခဏာတွေကို ဆောလျင်စွာ သိရှိ သတိပြုမိဖို့က အရေးကြီးပါတယ်။ ကင်ဆာတွေထဲမှာမှ မုန့်ချိုအိတ်လို့ခေါ်ကြတဲ့ ပန်ကရိယကင်ဆာ လက္ခဏာတွေက ဘာတွေလဲ ...
၁။ အသားဝါတာက ပထမဆုံးလက္ခဏာပါတဲ့။ မျက်လုံးတွေဝါလာမယ်၊ အသားတွေညစ်လာမယ်ဆိုရင် အဆိုးဆုံးအဆင့်ကင်ဆာဖြစ်နေတတ်ပါသေးတယ်။ အခြားအကြောင်းတွေကိုတော့ သေချာရှာ ဖို့လိုတာပေါ့။ မုန်ချုံအိတ်ရဲ့ခေါင်းပိုင်းက အကျိတ်တွေဟာ သည်းခြေရည်စီးဆင်းမှုကို ပိတ်ဆို့တဲ့အတွက် အသားဝါ ရတာပါ။
၂။ ရင်သားအောက်တည့်တည့်မှာ လက်ညှိုးလေးကို နောက်ကျောတည့်တည့် ဦးတည်ပြီး အသာတင် ကြည့်လိုက်ပါ။ ဒါဟာ ပန်ကရိယကင်ဆာသမားတွေ အမြဲနာတတ်တဲ့နေရာပါပဲ။ နောက်ကျောအထိကို စူးပြီး နာသွားတတ်ပါတယ်။
၃။ ဆီးအရောင် မည်းနက်သွားတာတွေ၊ ဝမ်းပျော့ပျော့စေးစေးတွေ၊ ဝမ်းအရောင် ဖြူဖတ်ဖြူလျော် သွားတာတွေက ပန်ကရိယကင်ဆာရဲ့ လက္ခဏာဖြစ်နေတတ်ပါသေးတယ်။
၄။ မကြာခဏ ပျို့အန်မယ်ဆိုရင် ကင်ဆာအကျိတ်က အစာအိမ်ကို ပိမိနေလို့ပါ။ အစာစားပြီးတိုင်း ဗိုက်နာပါတယ်။
၅။ မကြာခဏ ပန်ကရိယရောင်နေတာက အကျိတ်ရှိနေလို့ ဖြစ်နေတတ်ပါတယ်။
၆။ ခံတွင်းကနေ အမြဲအနံထွက်မယ်။ ခံတွင်း အနံ့ဆိုးတာ၊ သွားဖုံးရောင်ရောဂါတွေ ရှိသူက ပန်ကရိယကင်ဆာဖြစ်ဖို့ ၅၉ ရာခိုင်နှုန်း တွန်းပို့လျက်ရှိပါတယ်။
၇။ ဆီးချို စဖြစ်လာမယ်။ ပန်ကရိယအင်္ဂါက အင်ဆူလင် ထုတ်ပေးတာပါ။ ကင်ဆာဖြစ်နေတဲ့ ပန်ကရိယအင်္ဂါဟာ အင်ဆူလင် မထုတ်နိုင်တော့ ဆီးချို ဖြစ်လာတတ်တာပါ။
၈။ အကြောင်းရင်းမရှိဘဲ ရုတ်တရက် ပိန်ကျသွားမယ်ဆိုရင် ကင်ဆာ တစ်ခုခုကြောင့် ဖြစ်နေတတ်တဲ့ အထဲမှာ ပန်ကရိယကင်ဆာကိုလည်း အပေါ်လက္ခဏာတွေနဲ့ အတူ ထည့်သွင်းစဉ်းစားကြဖို့ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)





























