သင့်လက်တစ်ကမ်းတွင် ရှိနေသော အစာအိမ်ရောင်ခြင်းပြဿနာ
အစာအိမ်ရောင်ခြင်းဟာ အဖြစ်များသောရောဂါတစ်ခု ဖြစ်ပါတယ်။ အစာအိမ်ရောင်ခြင်းဆိုတာ အစာအိမ်ကို ကာရံထားတဲ့ အလွှာလေး ရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။`
အစာအိမ်ရောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ ပိုးဝင်ခြင်း၊ စိတ်ဖိစီးခြင်း၊ အစာအိမ်နံရံအမြှေးပါး ပျက်စီးခြင်း စသဖြင့် များစွာရှိပါတယ်။
>> ရောဂါလက္ခဏာများကတော့ -
● ဗိုက်အပေါ်ပိုင်း ရင်ညွန့်နား နာခြင်း၊ အောင့်ခြင်း
● ဗိုက်မအီမသာဖြစ်ခြင်း၊ ပုံမှန်ဝမ်းသွားသောပုံစံ ပြောင်းလဲခြင်း
● အစာမကြေခြင်း
● လေပွခြင်း
● ပျို့အန်ခြင်းတို့ ဖြစ်ပါတယ်။
>> အစာအိမ်ရောင်ခြင်းပုံစံ (၄) မျိုး ရှိပါတယ်။
(၁) ရေတို အစာအိမ်ရောင်ခြင်း
အကိုက်အခဲပျောက်ဆေးများသောက်ခြင်း၊ အရက် အလွန်အကျွံသောက်ခြင်း၊ အက်ဆစ်များသော အစားအသောက်များစားခြင်းတို့ကြောင့် ရုတ်တရက် အစာအိမ်ရောင်စေတတ်ပါတယ်။
(၂) ရေရှည် အစာအိမ်ရောင်ခြင်း
Helicobacter pylori လို့ခေါ်သော ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် အချိန်ကြာမြင့်စွာ အစာအိမ်ရောင်ခြင်း မကြာခဏ အစာအိမ်ရောင်ခြင်း ဖြစ်စေပါတယ်။
(၃) တိုက်စားသော အစာအိမ်ရောင်ခြင်း
အစာအိမ်ရောင်ခြင်းအပြင် အစာအိမ်နံရံအမြှေးပါးကို ပျက်စီးစေခြင်း သို့မဟုတ် အစာအိမ်အနာများ ဖြစ်ပေါ်စေခြင်းတို့ကို ဖြစ်စေပြီး အစာအိမ်မှ သွေးယိုစိမ့်ခြင်း၊ အစာအိမ်ပေါက်ခြင်း စတဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်ပေါ်စေပါတယ်။
(၄) တိုက်စားခြင်းမရှိသော အစာအိမ်ရောင်ခြင်း
အစာအိမ်ရောင်သော်လည်း အစာအိမ်နံရံအမြှေးပါးတွင် ပျက်စီးခြင်း သို့မဟုတ် အနာဖြစ်စေခြင်းတို့ မရှိပါ။
>> အစာအိမ်ရောင်ခြင်းအတွက် ကုသနည်းတွေကတော့ -
● အစာအိမ်ရှိအက်ဆစ်တွေကို ချေဖျက်ပေးမယ့် Antacid (လေဆေး) ဆေးများ သောက်ခြင်း
● အစာအိမ်မှ အက်ဆစ်ထုတ်လုပ်မှုကို လျှော့ချပေးမယ့် အစာအိမ်ဆေးများ (Histamine2 blocker နင့် Proton Pump Inhibitors ဆေးများ) သောက်ခြင်းတို့ ဖြစ်ပါတယ်။
>> အစာအိမ်ရောင်ခြင်းကို သက်သာစေဖို့အတွက် ဆေးများသောက်သုံးခြင်းအပြင် စားသောက်နေထိုင်မှုပုံစံကိုပါ အောက်ပါအတိုင်း ပြောင်းလဲရမှာ ဖြစ်ပါတယ်။
● အစာကို စားပိုးနင့်အောင် စားခြင်းထက် ပမာဏနည်းနည်းကိုသာ အကြိမ်ရေများများ ခွဲစားခြင်း
● အပူ၊ အစပ်များနှင့် ဆီကြော်စာများ၊ အချဉ်များသည့်အစာများကို ရှောင်ခြင်း
● အရက်နှင့် ဆေးလိပ်ဖြတ်ခြင်း
● စိတ်ဖိစီးမှုနည်းပါးအောင် နေထိုင်ခြင်း
● အကိုက်အခဲပျောက်ဆေးများကို မလိုအပ်ဘဲသောက်ခြင်းကို ရှောင်ခြင်း
စသည်တို့ကို လိုက်နာသင့်ပါတယ်။
>> အစာအိမ်ရောင်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ -
● အစာအိမ်အနာဖြစ်ခြင်း
● အစာအိမ်တွင် အလုံးများ ဖြစ်ပေါ်ခြင်း
● အစာအိမ်တွင် ကင်ဆာ သို့မဟုတ် ကင်ဆာမဟုတ်သော အကျိတ်များဖြစ်ပေါ်စေခြင်းတို့ ဖြစ်ပါတယ်။
အစာအိမ်ရောင်ခြင်းပြဿနာနှင့် ရင်ဆိုင်နေရသူများအနေနှင့် ဆေးကုသမှု ပုံမှန်ခံယူခြင်း၊ စားသောက်မှုပုံစံ ပြောင်းလဲခြင်းတို့ကို လိုက်နာရမယ့်အပြင် ဆေးလိပ်နှင့် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























