သင့်အရေပြား ယားယံနေတတ်ပါသလား
အသားအရေ မကြာခဏ ယားယံခြင်းဟာ အလွန်စိတ်ညစ်ညူးစေကြောင်း ကြုံဖူးသူတိုင်း သိကြပါတယ်။အထူးသဖြင့် အခုလို နွေရာသီမျိုးမှာဆို ချွေးထွက်လွန်ပြီး အရေပြားယားယံခြင်းကြောင့် အနီကွက်များ အင်ပြင်များ ထွက်လေ့ရှိတာမို့ စိတ်ပျက်စရာ ကောင်းလှပါတယ်။ သင့်အရေပြားကို ယားယံစေတဲ့ အကြောင်းရင်းများစွာကို ဖော်ပြပေးမှာဖြစ်လို့ ဆက်လက်ဖတ်ရှုကြည့်ပေးပါ။
(၁) အသားအရေ အလွန်ခြောက်သွေ့ခြင်း
အလွန်ခြောက်သွေ့သော အသားအရေဟာ အလွယ်တကူ ယားယံမှုကို ဖြစ်စေပါတယ်။
(၂) ကြမ်းပိုးကိုက်ခြင်း
ခြင်ကိုက်ခြင်းကြောင့် ယားယံခြင်းဟာ သိသာလွယ်ပြီး ပျောက်ကင်းဖို့လည်း မြန်ဆန်ပါတယ်။ ကြမ်းပိုး ကိုက်ခံရတဲ့အခါမှာတော့ နေထိုင်မရအောင် ယားစေတဲ့အပြင် ပျောက်ကင်းဖို့လည်း ကြာတတ်ပါတယ်။ ကြမ်းပိုးအပြင် ကြွက်သန်း၊ ခွေးသန်းတို့လည်း အပါအ၀င်ဖြစ်ပါတယ်။
(၃) အရေပြားယားယံစေသောရောဂါများ
● အရေပြားရောင်ရမ်းရောဂါ
● ၀က်သက်ရောဂါ
● ၀ဲ၊ နှင်းခူရောဂါ
● အရေပြားမွေးညှင်းပေါက် ရောင်ရမ်းရောဂါ
● မသန့်ရှင်းသောအရာများကို ကိုင်မိခြင်းကြောင့် အရေပြားပိုး၀င်ရောဂါ
● အင်ပြင်
● အာရုံကြောနှင့် အရေပြားရောင်ရမ်းရောဂါ
● သန်ထခြင်း
● ကာလသားရောဂါ
(၄) အရေပြားကင်ဆာ
အရေပြားကင်ဆာရဲ့ တစ်ခုတည်းသောလက္ခဏာကတော့ အရေပြားပေါ်တွင် အစက်အပျောက် ထွက်ပေါ်ခြင်း ဖြစ်ပါတယ်။ ထိုအစက်မှာ အလွန်ယားယံစေတာမို့ သတိထားမိခြင်း ဖြစ်ပါတယ်။
(၅) နာတာရှည်ရောဂါများရှိခြင်းကို မီးမောင်းထိုးပြနေခြင်း
အမြဲလိုလို ယားယံနေတတ်ပါက သင့်တွင် အောက်ပါရောဂါများ ရှိနေသလားဆိုတာ ဆန်းစစ်သင့်ပါတယ်။
● သွေးရောဂါ
● ဆီးချို
● ကျောက်ကပ်ရောဂါ
● အသည်းရောဂါ
● အေအိုင်ဒီအက်စ်
● သိုင်းရွိုက်ရောဂါ
(၆) ဓာတ်မတည့်ခြင်းကြောင့် အရေပြား ယားယံခြင်း
လူတစ်ယောက်ချင်းစီပေါ် မူတည်ပြီး ဓာတ်မတည့်စေသောအရာမျာ းကွဲပြားပါတယ်။အချို့က ဖုန်၊ သဲများကို ထိတွေ့ရင် ယားယံတတ်ပြီး အချို့အနေဖြင့် နစ်ကယ်ဆိုသော သတ္တုတစ်မျိုးကို ထိတွေ့ခြင်းကြောင့်လည်း ယားယံတတ်ပါတယ်။ ဓာတုပစည်းများကြောင့်လည်း ယားစေတတ်သလို ပင်လယ်စားကဲ့သို့ မတည့်သော အစာများ စားမိသောအခါလည်း ယားယံစေပါလိမ့်မယ်။ ဓာတ်မတည့်ခြင်းကြောင့် ယားယံခြင်းဟာ အင်ပြင်ထွက်ခြင်းနှင့် တွဲဖက်ဖြစ်တတ်ပါတယ်။
(၇) အပင် သို့မဟုတ် ပင်လယ်တွင်းရှိသတ္တဝါများနှင့် ထိတွေ့ခြင်း
အဆိပ်ရှိနွယ်ပင်များနှင့် ထိတွေ့ခြင်းကြောင့် အသားအရေ ယားတတ်သလို ရေကန်၊ ပင်လယ်အစရှိသော ရေများတွင်ရှိ ပါရာဆိုက်များကြောင့်လည်း ယားယံံခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။
(၈) အသက် ၆၅ နှစ်နှင့်အထက် လူကြီးများ
အသက်ကြီးလာတာနှင့်အမျှ အရေပြားက ပြောင်းလဲလာပါတယ်။ အသက် ၆၅ ရောက်တဲ့အခါမှာ အရေပြားက ပိုပါးလာပြီး အစိုဓာတ်လည်း နည်းပါးလာတာမို့ ယားယံတတ်ပါတယ်။
(၉) ကင်ဆာဆေးများနှင့် အခြားဆေးများ မှီ၀ဲနေခြင်း
အက်စ်ပရင်နှင့် အခြားအကိုက်အခဲပျောက်ဆေးများ၊ သွေးပေါင်ကျဆေးများကို မှီ၀ဲခြင်းကြောင့်လည်း အရေပြားယားတတ်ပြီး ကင်ဆာဆေးများရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း အရေပြားယားစေတတ်ပါတယ်။
(၁၀) အာရုံကြောဆိုင်ရာပြဿနာများ
အာရုံကြော ကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့်လည်း အရေပြာ းယားယံတတ်ပါတယ်။ ရောဂါ သို့မဟုတ် ဒဏ်ရာတစ်ခုကြောင့် အာရုံကြောပျက်စီးပါက အရေပြားယားခြင်းဖြစ်ပေါ်စေပါတယ်။
အာရုံကြောပျက်စီးခြင်းကြောင့် အရေပြားယားခြင်းဖြစ်စေသောရောဂါများမှာ -
● ကာလသားရောဂါ
● လေဖြတ်ခြင်း
● ဦးနှောက်နှင့် ကျောရိုးဆစ် အာရုံကြောမဆိုင်ရာ ရောဂါများ
နာတာရှည် ယားယံခြင်းဟာ သင့်အတွက် ပျော်ရွင်ဖွယ် လူနေမှုဘ၀ကိုပါ ထိခိုက်စေလာမှာ အမှန်ပါ။ အိပ်ရေးပျက်စေခြင်း၊ အာရုံစူးစိုက်မရခြင်းနှင့် အမြဲကုတ်နေရခြင်းကြောင့် အနာများဖြစ်ခြင်းနှင့် အခြားလူမှုရေးပြဿနာများကိုပါ ပိုင်ဆိုင်စေပါလိမ့်မယ်။ဒါကြောင့် အရေပြားယားယံခြင်း စတင်ဖြစ်ပေါ်ပါက အရေပြားဆရာ၀န်နှင့် အမြန်ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)




























