သင့်အသက် ၄၅ နှစ် ရောက်ပြီဆိုတာနှင့် အူမကြီးကင်ဆာကို စစ်ဆေးဖို့ လိုအပ်ပါတယ်
လူလတ်ပိုင်းနှင့် လူငယ်ပိုင်းအရွယ်များမှာ အူမကြီးကင်ဆာ ဖြစ်ပွားမှု မြင့်တက်လာတာနှင့်အမျှ အမေရိကန်နိုင်ငံ ကင်ဆာအဖွဲ့ချုပ်ကနေ အူမကြီးကင်ဆာ ရှိ၊ မရှိ စစ်ဆေးသင့်သော အသက်အရွယ် အပိုင်းအခြားကို ၄၅ နှစ်မှ ၅၀ နှစ်အတွင်း ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ အူမကြီးကင်ဆာဖြစ်ဖို့ အလားအလာများသော သူများက အသက် ၄၅ နှစ်တွင် စစ်ဆေးသင့်ပြီး အခြားသူတွေကတော့ အသက် ၅၀ နှစ်တွင် စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။
အူမကြီးကင်ဆာဟာ အလွန်ဆိုးဝါးသော ကင်ဆာရောဂါတစ်မျိူး ဖြစ်သော်ငြားလည်း ကာကွယ်လို့ရသော ရောဂါတစ်မျိုးလည်းဖြစ်တာမို့ စောစီးစွာ စစ်ဆေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
သက်လတ်ပိုင်းများတွင် ကနဦး ရောဂါလက္ခဏာများကို သတိမထားမိကြပါဘူး။
လူငယ်ပိုင်းရောဂါရှိသူများ အနေဖြင့် ကနဦးလက္ခဏာများ စတင်ခံစားရချိန်တွင် သတိမထားမိတတ်ကြပါဘူး။ ဆရာ၀န်များအနေဖြင်လည်း လူငယ်ပိုင်းများတွင် အူမကြီးကင်ဆာဖြစ်နှုန်း နည်းပါးတာကြောင့် အူမကြီးကင်ဆာကို လျစ်လျူရှုပြီး လိပ်ခေါင်းစသော အခြားသောရောဂါများနှင့် လွဲမှားကုသတတ်ကြပါတယ်။
အမေရိကန်နိုင်ငံရှိ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ တွဲဖက်ပါမောက္ခက " ကျွန်မရဲ့လူနာတွေထဲမှာ အသက် ၄၀ ကျော်နှင့်တင် အူမကြီးကင်ဆာ ခံစားနေရသူတွေ အများကြီး တွေ့ဖူးပါတယ်။ ဒါဟာ ကြောက်စရာပါပဲ " လို့ ဆိုပါတယ်။
အူမကြီးကင်ဆာဖြစ်နှုန်းဟာ တဖြည်းဖြည်းနှင့် တရှိန်ထိုး မြင့်မားလာပြီ ဖြစ်ပါတယ်။
● အူမကြီးကင်ဆာဖြစ်နှုန်းဟာ လွန်ခဲ့သော ၇ နှစ်ကနေ ၁၀ နှစ်အတွင်း တဖြည်းဖြည်းနှင့် မြင့်မားလာပြီ ဖြစ်ပါတယ်။
● ကနဦးအစောပိုင်းမှာတော့ အူလမ်းကြောင်း အသားလုံးငယ် (polyp) များအနေဖြင့်သာ စတင်တွေ့ရှိရပြီး အူလမ်းကြောင်း မှန်ပြောင်းကနေတစ်ဆင့် ဖယ်ရှားပစ်နိုင်ပါတယ်။ ကျွမ်းကျင်သူများအဆိုအရ အူမကြီးကင်ဆာဟာ ကာကွယ်နိုင်သောကင်ဆာဖြစ်ပြီး ရောဂါမဖြစ်ခင် ၅ နှစ်မှ ၁၀နှစ်တွင် ကြိုတင်စစ်ဆေးဖို့ သတိပြုသင့်တယ်လို့ သိရပါတယ်။
စစ်ဆေးပုံနည်းလမ်းတွေ များပြားပါတယ်။
အူမှန်ပြောင်းကြည့်ခြင်း (colonoscopy) က ကနဦးရောဂါ ရှာဖွေရေးနည်းလမ်းများအနက် အကောင်းဆုံးဖြစ်တယ်လို့ အကြံပြုထားပါတယ်။
● ကင်ဆာအဖွဲ့ချူပ်အနေနဲ့ကတော့ အူမှန်ပြောင်းကြည့်ခြင်းအပါအ၀င် နည်းလမ်း ၆ မျိုးကို လမ်းညွှန်ထားပါတယ်။ ဒါတွေကတော့ အူမကြီးမှန်ပြောင်း၊ sigmoid colon လို့ခေါ်သော S ပုံစံ အူမကြီးကိုကြည့်ရသော အူလမ်းကြောင်းမှန်ပြောင်းနှင့် ၀မ်းကို စစ်ဆေးသောနည်းလမ်း ၃ မျိုးပဲ ဖြစ်ပါတယ်။ Sigmoidoscopy ကတော့ အူလမ်းကြောင်းရှိ အစိတ်အပိုင်းတစ်ခုကိုသာ စစ်ဆေးတာဖြစ်ပြီး အူမကြီးကို CT scan ဖတ်နိုင်သော colonography နည်းလမ်းလည်း ရှိပါသေးတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























