/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင်-ဆေးလိပ်ဖြတ်ဖို့-နောက်မကျသေးပါဘူး

သင် ဆေးလိပ်ဖြတ်ဖို့ နောက်မကျသေးပါဘူး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    ဆေးလိပ်ကြိုက်သူများအတွက် ဆေးလိပ်တစ်ဖွာချင်းစီက ကောင်းကင်ဘုံပါပဲ။ ထိုဆေးလိပ်တစ်ဖွာစီမှာ သင့်အဆုတ်ကိုပျက်စီးစေမယ့် ပါဝင်ပစ္စည်းများစွာနဲ့ ဖွဲ့စည်းထားတာကော သိကြပါသလား။ ဟုတ်ပါတယ်။ ဆေးလိ်ပ်သောက်ခြင်းကြောင့် သင့်အဆုတ်ကျန်းမာရေးကို ပျက်ပြားစေပြီး သင့်အသက်ကို ထိခိုက်နိုင်တာအမှန်ပါပဲ။

(၁)     နာတာရှည် လေပြွန်ရောင်ခြင်း (Chronic Bronchitis)
          အဆုတ်တွင်းရှိ လေပေါက်လေးများ ရောင်ရမ်းသောအခါ အဆုတ်သို့ လေအလုံအလောက်ရရှိခြင်း မရှိနိုင်တော့ပါ။ ဆေးလိပ်သမားများတွင် လေပြွန်ရောင်ခြင်းကြောင့် ချောင်းဆိုးခြင်းနဲ့အတူ ချွဲသလိပ်များစွာ ထွက်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။

(၂)     လေအိတ်ပျက်စီးရောဂါ (Emphysema)
          လေအိတ်များ ပျက်စီးရာကနေ ပိတ်ကုန်ပြီး လေကိုပြန်ရှူထွက်ရခက်ခဲသော ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အသက်ရှူကြပ်ခြင်းနဲ့အတူ အောက်ဆီဂျင် လုံလောက်စွာမရနိုင်သော ပြဿနာများ ဖြစ်ပေါ်နိုင်ပါတယ်။

(၃)     လေပြွန်ပိတ်ဆို့ နာတာရှည်အဆုတ်ရောဂါ (Chronic Obstructive Pulmonary Disease)
          အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတတ်သော အဆုတ်ရောဂါတစ်ခုဖြစ်ပြီး အဆုတ်စွမ်းဆောင်ရည် ကျဆင်းခြင်း၊ နာတာရှည်ချောင်းဆိုးခြင်းနဲ့အတူ အသက်ရှူကြပ်ခြင်းတို့ကို ခံစားရတတ်ပြီး အသက် သေဆုံးသည်အထိ ဆိုးကျိုးပေးနိုင်ပါတယ်။

(၄)     နမိုးနီးယားအဆုတ်ရောင်ရောဂါ
          အဆုတ်တစ်ခြမ်း (သို့) နှစ်ခြမ်းလုံးရှိ လေအိတ်များကို ရောင်ယမ်းစေသော ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် ဖြစ်ပါတယ်။ လေအိတ်များအတွင်း ပြည်များဖြင့် ပြည့်နေခြင်း၊ ချောင်းဆိုးခြင်း၊ ချမ်းတုန်ဖျားခြင်းနဲ့အတူ အသက်ရှူမဝခြင်းတို့ကို ခံစားရစေပါတယ်။

(၅)    အဆုတ်ကင်ဆာ
         အမေရိကန်နိုင်ငံတွင် ကင်ဆာရောဂါကြောင့် သေဆုံးခြင်းများတွင် အဆုတ်ကင်ဆာက ထိပ်ဆုံးက ပြေးနေပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကို ပုံပျက်စေရုံသာမက အဆုတ်ဆဲလ်များကိုပါ ပျက်စီးစေသောကြောင့် ကင်ဆာ ဖြစ်ပေါ်နိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေဟာ မသောက်သူတွေထက် အဆုတ်ကင်ဆာဖြစ်နိုင်ချေ ၁ဝ ဆမှ အဆ ၃ဝ ရှိနိုင်ပါတယ်။
         ဆေးလိပ်ကို ဖြတ်နိုင်အောင် ကြိုးစားပါ။ ငါ့မှာ အဆုတ်ရောဂါဖြစ်နေပြီပဲ အခုမှ ဆေးလိပ်ဖြတ်လည်းမထူးဘူးလို့ မတွေးလိုက်ပါနဲ့။ ဆေးလိပ်ဖြတ်ခြင်းကြောင့် နာတာရှည် အဆုတ်ရောဂါများ ဖြစ်နေလျှင်တောင်မှ သေဆုံးနိုင်ဖို့ အခွင့်အလမ်း အရင်ကထက် နည်းပါးလာနိုင်လို့ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ နောက်မကျသေးပါဘူးနော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)