သည်းခြေအိတ်ရောဂါများ
ဝမ်းဗိုက်အပေါ်ပိုင်း နာနေတာဟာ သည်းခြေအိတ်ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။
သည်းခြေအိတ်ဆိုတာဟာ အသည်းအောက်နားလေးမှာရှိပြီး အသည်းကနေ လာသမျှ သည်းခြေတွေကို သိမ်းဆည်းပေးထားတဲ့ အိတ်ကလေး ဖြစ်ပါတယ်။
ဒီသည်းခြေရည်တွေကို သည်းခြေလမ်းကြောင်းကတစ်ဆင့် အူသိမ်ထဲကို ပို့ပေးပြီး စားလိုက်တဲ့အစာတွေ၊ အထူးသဖြင့် အဆီတွေကို ချေဖျက်ပေးပါတယ်။
ပုံမှန်ဆို ဘာပြဿနာမှ မဖြစ်တတ်ပေမယ့် သည်းခြေလမ်းကြောင်း ပိတ်သွားတဲ့အခါ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
>> ဘာတွေဖြစ်လာနိုင်သလဲ?
ဖြစ်လေ့ရှိတဲ့ သည်းခြေပြဿနာတွေကတော့ -
● သည်းခြေကျောက်
သည်းခြေအိတ်ထဲမှာ ကျောက်သေးသေးလေးတွေနဲ့ တစ်ခါတလေ ကျောက်အကြီးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီကျောက်တွေဟာ သညး်ခြေရည်ထဲမှာပါတဲ့ ကိုလက်စထရောတွေ၊ Bilirubin လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
သည်းခြေကျောက်ကြောင့် ဗိုက်နာနိုင်ပေမယ့် ၉၀% လောက်မှာတော့ ဘာလက္ခဏာမှမပြဘဲ လာနိုင်ပါတယ်။ ဒီလို ဘာလက္ခဏာမှမရှိတဲ့ ကျောက်တွေဟာ မသိလိုက်ဘဲ နှစ်ပေါင်းများစွာ ရှိနေနိုင်ပါတယ်။
ဘာကြောင့်မှန်း မသိပေမယ့် ၁၀ နှစ်ထက်ကျော်အောင် ဘာလက္ခဏာမှမပြတဲ့ ကျောက်တွေဟာ ဘာဆိုးကျိုးမှ မဖြစ်စေနိုင်ပါဘူး။
● သည်းခြေကျောက်ကြောင့် လေနာခြင်း
သည်းခြေရည် အူထဲဝင်တဲ့လမ်းကို သည်းခြေကျောက်က ပိတ်ထားတဲ့အခါ ထိုးထိုးပြီး အောင့်တတ်ပါတယ်။
ပိတ်နေတဲ့လမ်းကြောင်းပွင့်အောင် သည်းခြေအိတ် အတင်းညစ်တဲ့အခါ တစ်ချက်တစ်ချက် ထိုးထိုးအောင့်တတ်သလို တောက်လျောက်လည်း နာနေတတ်ပါတယ်။
၁ နာရီမှ ၅ နာရီလောက်အထိ နာတတ်ပြီး တစ်ဖျင်းဖျင်းနဲ့ ၂၄ နာရီလောက်လည်း နာနေတတ်တာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် အစာမစားဘဲနေရာကနေ အစားအများကြီး စားလိုက်တဲ့အခါ၊ အဆီတွေ အများကြီး စားလိုက်တဲ့အခါမျိုးမှာ ပိုနာတတ်ပါတယ်။
● သည်းခြေအိတ်ရောင်ခြင်း
သည်းခြေကျောက်၊ အရက် အလွန်အကျွံသောက်ခြင်း၊ ပိုးဝင်ခြင်းနဲ့ သည်းခြေရည် စုစေတဲ့အကျိတ်တွေကြောင့် သည်းခြေအိတ် ရောင်တတ်ပါတယ်။
အများဆုံးဖြစ်စေတဲ့ အကြောင်းရင်းကတော့ သည်းခြေကျောက် ဖြစ်ပါတယ်။ သည်းခြေကျောက်တွေက သည်းခြေအိတ်နံရံတွေ ထိခိုက်ပွတ်တိုက်မိတာကြောင့် သည်းခြေအိတ်နံရံတွေ ရောင်ရမ်းနာကျင်လာရတာပါ။
ရောင်ရမ်းခြင်းဟာ နာရီပေါင်းများစွာ ကြာနိုင်ပြီး တစ်ခါတစ်ရံ ရက်တောင် ကူးနိုင်ပေမယ့် အဖျားတော့ မရှိတတ်ပါဘူး။ တစ်ခါတစ်ရံ ရောင်ရမ်းနေတဲ့ သည်းခြေအိတ်ထဲကို အူဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်နိုင်ပါသေးတယ်။
ရံဖန်ရံခါမှာ သည်းခြေအိတ် ပေါက်ထွက်သွားပြီး အရေးပေါ် ခွဲစိတ်ရနိုင်ပါတယ်။ ဒါကြောင့် သည်းခြေ ရောင်တယ်လို့ ယူဆတဲ့အခါ ဆရာဝန်နဲ့ ပြသဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့် အဖျားရှိသူတွေမှာ ပိုလိုနိုင်ပါတယ်။
● ကျောက်မရှိဘဲ နာကျင်ခြင်း
ဓာတ်မှန်တွေ၊ အာထရာစောင်းတွေမှာ ကျောက်မတွေ့ရဘဲ နာကျင်နေတတ်မျိုးလည်း တွေ့ရပါတယ်။
သည်းခြေရည် စွန့်ပစ်မှု ပုံမမှန်တာ၊ သည်းခြေလမ်းကြောင်း သို့မဟုတ် အူသိမ် အထိမခံဖြစ်နေတာလည်း ဖြစ်နိုင်သလို သည်းခြေကျောက် သေးလွန်းလို့ ဓာတ်မှန်မှာ မမြင်ရတာ၊ သည်းခြေကျောက် ဆင်းသွားပြီးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
သည်းခြေအိတ်ကို ခွဲထုတ်ခြင်းက သည်းခြေကျောက်မရှိဘဲ နာနေတာကို သက်သာစေနိုင်ပါတယ်။
● AIDS ခုခံအားကျဆင်း ကူးစက်ရောဂါကြောင့် သည်းခြေလမ်းကြောင်းကျဉ်းခြင်း
AIDS ရောဂါသည်တွေမှာ ခုခံအား ကျဆင်းခြင်းကြောင့် ပိုးခဏခဏဝင်ပြီး သည်းခြေလမ်းကြောင်း ကျဉ်းသွားနိုင်ပါတယ်။
● Primary Sclerosing Cholangitis
သည်းခြေလမ်းကြောင်း ရောင်ရမ်းပြီးနောက် အမာရွတ်ဖြစ်ကာ လမ်းကြောင်းကျဉ်းသွားတဲ့ရောဂါ ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်မှန်းတော့ သေချာမသိသေးပါဘူး။
အကြောင်းရင်း သေချာမသိရသေးပေမယ့် ခုခံအားစနစ် ကမောက်ကမဖြစ်ကာ ကိုယ့်ကိုယ်ခန္ဓာကို ပြန်လည်တိုက်ခိုက်တဲ့ရောဂါတစ်မျိုးလို့ ယူဆကြပါတယ်။
>> ဖြစ်တတ်တဲ့ ရောဂါလက္ခဏာများ
သည်းခြေပြဿနာ အတော်များများဟာ ညာဘက်နံရိုးအောက်ဖြစ်စေ၊ ရင်ညွန့်အောက်ဖြစ်စေ ဗိုက်အပေါ်ပိုင်းနာပြီး လာတတ်ပါတယ်။ လက္ခဏာ အတော်များများ တူညီတတ်ပေမယ့် ဖြစ်တဲ့ရောဂါပေါ် မူတည်ပြီး အခြားအထူးလက္ခဏာတွေ ကွာခြားပါတယ်။
တူတတ်တဲ့ ရောဂါလက္ခဏာတွေကတော့ -
● ဗိုက်အပေါ်ပိုင်းမှာ အလွန်နာကျင်ခြင်း
● ညာဘက်နံရိုးအောက် နာကျင်ခြင်း
● နာရီနဲ့ချီပြီး ဗိုက်နာနေခြင်း
● ညာဘက်လက်ပြင်ရိုးအောက် သို့မဟုတ် ကျောအထိနာခြင်း
● အများကြီး စားပြီးချိန်၊ အထူးသဖြင့် အဆီအစိမ့်တွေ စားပြီးချိန်မှာ ပိုနာခြင်း
● ကိုက်ခြင်း၊ စူးခနဲ နာခြင်း၊ ဆွဲစုပ်ထားသလို နာခြင်း
● အသက်ပြင်းပြင်း ရှူလိုက်ချိန်မှာ နာခြင်း
● ရင်ပူခြင်း၊ အစာမကြေဖြစ်ခြင်း၊ လေထခြင်း
● ရင်ဘတ်အောင့်ခြင်း
● ဗိုက်ပြည့်နေခြင်း
● ပျို့ခြင်း
● အန်ခြင်း
● ငွေ့ငွေ့ကနေ အပြင်းဖျားအထိ ဖျားနာခြင်း
● ချမ်းတုန်နေခြင်း
● ဝမ်းအရောင် မူမမှန်ခြင်း (ဝမ်းအရောင်ဖျော့ခြင်း)
● ဆီးအရောင်ရင့်ခြင်း (ရေနွေးကြမ်း အကျရောင်သွားခြင်း)
သည်းခြေလမ်းကြောင်းကို မပိတ်တဲ့ သည်းခြေကျောက်မျိုးမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။
အခြားအကြောင်းရင်းတစ်ခုခုအတွက် ဓာတ်မှန်၊ CT ကွန်ပျူတာဓာတ်မှန်တွေ ရိုက်ရင်းနဲ့ တွေ့တတ်ပါတယ်။ တစ်ခါတလေ ဗိုက်ခွဲရင်းနဲ့လည်း တွေ့တတ်ပါတယ်။
အကယ်၍ သည်းခြေအိတ် လက္ခဏာ တစ်စုံတစ်ရာပြပါက အစာချေလမ်းကြောင်း ပုံမှန်အတိုင်းဖြစ်နေစေဖို့ ဆရာဝန်နဲ့ သေချာပြသ ကုသသင့်ပါတယ်။
အောက်ပါလက္ခဏာတွေ တွေ့လာရတယ် ဆိုရင်တော့ သည်းခြေကျောက် ပိုဆိုးလာတဲ့ လက္ခဏာရပ်တွေ ဖြစ်တာကြောင့် အမြန်ဆုံး ပြသသင့်ပါတယ်။
● ဗိုက်နာလွန်းလို့ မထိုင်နိုင်၊ မအိပ်နိုင်၊ မစားနိုင်ဖြစ်နေခြင်း
● အသားနဲ့ မျက်လုံးဝါခြင်း
● အပြင်းဖျားပြီး ချမ်းတုန်ခြင်း။
Dr. Mya Phoo Ngon (www.drmyanmar.com)






























