/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သည်းခြေအိတ်လေးကို-ကြင်နာပါ

သည်းခြေအိတ်လေးကို ကြင်နာပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         သည်းခြေအိတ်ကလေး အရွယ်ငယ်ပေမယ့်လည်း သေချာ ဂရုမစိုက်ရင်တော့ ပြဿနာကြီးကြီး ပေးနိုင်တယ်ပါသတဲ့။ ပုံမှန် အလုပ်လုပ်နေတဲ့ သည်းခြေအိတ်လေးက အသည်းက ထုတ်ပေးတဲ့ သည်းခြေရည်တွေကို သိုလှောင်ပေးတဲ့ လေထုတ်ထားတဲ့ ပူဖောင်းလေးလောက်ပဲ ရှိပါတယ်။ ဒီထဲကနေမှ အထူးသဖြင့် အဆီများတဲ့ အစားအစာတွေကို အစာချေတဲ့နေရာမှာ ကူညီပေးဖို့ သည်းခြေရည်တွေကို အူထဲကို ညှစ်ထုတ်ပေးပါတယ်။ ဒါကတော့ အလုပ် ကောင်းကောင်းလုပ်နေတဲ့ သည်းခြေအိတ်လေးပေါ့။

          သည်းခြေအိတ်ရဲ့ အဖြစ်များတဲ့ပြဿနာတွေရဲ့ တရားခံကတော့ သည်းခြေကျောက်ပါ။ ၂၀% လောက်က သည်းခြေ ကျောက်တည်တာကို ကြုံရပြီးတော့ ဒီထဲကမှ ၂၀% လောက်ကပဲ ပြဿနာ ဖြစ်တတ်ပါတယ်။ ဘာပြဿနာဖြစ်စေလဲ ဆိုတာကတော့ ကျောက်က သည်းခြေပြွန်ရဲ့ ဘယ်နေရာမှာ သွားပိတ်လဲဆိုတာအပေါ် မူတည်တာပေါ့လေ။ သည်းခြေကျောက် တစ်နေရာရာမှာ သွားပိတ်နေပြီဆိုရင် သည်းခြေအိတ်၊ အသည်းနဲ့ တစ်ခါတလေဆိုရင် pancreas လို့ခေါ်တဲ့ မုန့်ချိုအိတ်မှာတောင် ရောင်ရမ်းခြင်း ဖြစ်စေနိုင်ပါတယ်။ ပြင်းထန်လာရင် အသက်အန္တရာယ်တောင်မှ ပေးနိုင်သေးတယ်။ သည်းခြေကျောက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးကို တစ်ခါကြုံပြီးရင် နောက်ထပ်ကြုံနိုင်ခြေတွေလည်း ဖြည်းဖြည်းချင်း များလာပါတယ်။ ဒီတော့ နောက်ထပ်ဆိုးကျိုးတွေ ကာကွယ်ဖ်ို့ ခွဲစိတ်ပြီး ဖယ်ရှားဖို့ိ လိုလာတော့တာပေါ့။

 

>>    ဘာတွေကြောင့်များ သည်းခြေကျောက် ဖြစ်စေတာလဲ?

          အသက် ကြီးလာတာ၊ အမျိုးသမီးတွေနဲ့ အဝလွန်သူတွေမှာ သည်းခြေကျောက် တည်နိုင်ခြေ ပိုများပါတယ်။ ပြီးတော့ မျိုးရိုးဗီဇအရလည်း ဖြစ်နိုင်ခြေ များပါသေးတယ်။ အစားအသောက်တွေကနေပြီးတော့ ဖြစ်နိုင်ခြေ များတယ် ဆိုပေမယ့်လည်း သက်သေပြဖို့ ခက်နေပါတယ်။ လေ့လာမှုတွေအရတော့ သကြားတွေ၊ ပြည့်ဝဆီတွေက ကျောက်တည်နိုင်ခြေ များပြီးတော့ အမျှင်ဓာတ်များတဲ့ အစားအစာတွေက ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ကျောက်တည်စေတဲ့ အစားအသောက်နဲ့ဆိုင်တဲ့ နောက်ထပ်အချက်တွေကတော့ ခဏခဏ အစာငတ်ခံတာနဲ့ ကိုယ်အလေးချိန် မြန်မြန်ကြီး ချတာတွေပါ။

          ကျောက်တည်တာနဲ့ ပတ်သက်ပြီးတော့ သီးခြားအဖြေရယ်လို့ မရှိပါဘူး။ ယေဘုယျ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်တွေကို လိုက်နာဖို့ပဲ လိုပါတယ်။ ပြည့်ဝဆီတွေ၊ တိရစၧာန်ကရတဲ့ အဆီတွေ အများကြီး မစားပါနဲ့။ ပြီးတော့ အရမ်းဖြူအောင်ဖွတ်ထားတဲ့ ဆန်တွေ၊ ပေါင်မုန့်အဖြူတွေ၊ သကြားလုံးတွေ၊ အချိုရည်တွေ၊ ကိတ်မုန့်တွေ၊ ကွတ်ကီးတွေကနေရတဲ့ အရမ်းသန့်စင်ထားတဲ့ ကစီဓာတ်တွေကို ရှောင်ပါ။ အမျှင်ဓာတ် များများရဖို့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီး များများစားပါ။

          အစားအစာအပြင် သည်းခြေအိတ် အပါအဝင် တစ်ကိုယ်လုံး ကျန်းမာစေဖို့အတွက် လိုက်နာရမယ့် နေထိုင်မှုပုံစံတွေလည်း အများကြီး ရှိပါသေးတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။ လှုပ်လှုပ်ရှားရှားနေပါ။ ရက်တိုအတွင်း ကိုယ်အလေးချိန် ချတာမျိုးတွေ မလုပ်ပါနဲ့။ ဒါက သည်းခြေအိတ်ကို ပုံမှန်ထက် အလုပ်အများကြီး လုပ်ရစေပါတယ်။ သည်းခြေအိတ်ကင်ဆာကိုတောင် ဖြစ်နိုင်ခြေ ရှိပါသတဲ့။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံရှိရင် သည်းခြေအိတ်လေးလည်း ကျန်းမာမှာပါပဲ။

Dr. Mya Myo Myo Swe (www.drmyanmar.com)