/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သည်းခြေအိတ်-ကျောက်တည်ခြင်းမှ-ကင်းဝေးစေဖို့

သည်းခြေအိတ် ကျောက်တည်ခြင်းမှ ကင်းဝေးစေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သည်းခြေအိတ် ကျောက်မတည်အောင် ကာကွယ်ဖို့အတွက် အစားအစာက အရေးကြီးပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ ပြီးတော့ ကယ်လိုရီ အရမ်းနည်းနည်း (တစ်နေ့ကို ကယ်လိုရီ ၈၀၀ အောက်နည်း) မစားပါနဲ့။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးအစိမ်း၊ ပဲသီး၊ ပြုပြင်မထားတဲ့ ကောက်ပဲသီးနှံတွေစတဲ့ အမျှင်ဓာတ်များများပါတဲ့ အစားအစာတွေကို စားပါ။ အမျှင်ဓာတ် မြင့်မားပြီးတော့ အဆီဓာတ်နည်းတဲ့ အစားအစာတွေက သည်းခြေရည်ထဲမှာရှိတဲ့ ကိုလက်စရောတွေကို အရည်အသွင်နဲ့ ထိန်းထားပါတယ်။ ဒါပေမဲ့လည်း အဆီတွေကို ချက်ချင်းတန်းပြီး ဖြတ်ချလိုက်တာမျိုးကလည်း သည်းခြေအိတ် ကျောက်တည်စေနိုင်လို့ ဒီလိုမလုပ်ပါနဲ့။

          မကြာသေးခင်က လေ့လာမှုတွေအရ သံလွင်ဆီ (တစ်နေ့ကို စားပွဲတင်ဇွန်း ၂ ဇွန်းခန့်) အသင့်အတင့် စားသုံးခြင်းက သည်းခြေအိတ် ကျောက်တည်နိုင်ချေကို ကျစေတယ်လို့ ဆိုပါတယ်။ သံလွင်ဆီထဲမှာပါတဲ့ ပါဝင်ပစ္စည်းတစ်မျိုးက သွေးတွင်းနဲ့ သည်းခြေအိတ်ထဲက ကိုလက်စရောပမာဏ လျော့ကျစေဖို့အတွက် အထောက်အကူပြုပါတယ်။ ဒါကြောင့် သံလွင်ဆီ စားသုံးမှု မြင့်မားတဲ့နေရာတွေမှာ နေတဲ့သူတွေမှာ သည်းခြေအိတ် ကျောက်တည်တာ နည်းတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

          ရေခဲမုန့်၊ မရိုးနိစ်နဲ့ အခြားအစားအစာတွေမှာ ပျစ်ဖို့အတွက် သုံးတဲ့ lecithin ဆိုတဲ့ သဘာဝအရာတစ်မျိုးကလည်း သည်းခြေအိတ်ထဲမှာ ကိုလက်စရောတွေကို ခဲမသွားစေအောင် ထိန်းပေးထားခြင်းအားဖြင့် သည်းခြေ ကျောက်မတည်အောင် ကာကွယ်ပေးပါတယ်။ ပဲပိစပ်၊ အုတ်ဂျုံ၊ ဥအမျိုးမျိုး၊ နို့၊ မြေပဲ၊ ဂေါ်ဖီထုပ်၊ ချောကလက် စတဲ့ အစားအစာ တော်တော်များများမှာ lecithin ပါဝင်ပါတယ်။ ဒါ့အပြင် lecithin ကို ဆေးပြားအနေနဲ့လည်း သောက်သုံးလို့ရပါတယ်။ တစ်နေ့ကို 500-1000 mg သောက်သုံးပေးနိုင်ပါတယ်။

          သတိထားရမှာက အချိန်ကြာလာတဲ့အခါမှာတော့ lecithin မှာ ပါဝင်တဲ့ choline ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးက အသည်းပြဿနာနဲ့ အခြားနောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် lecithin ဆေး မသောက်ခင်မှာတော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)