/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သလိပ်အရောင်ကနေ-ဘာတွေသိနိုင်လဲ

သလိပ်အရောင်ကနေ ဘာတွေသိနိုင်လဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သလိပ်ဆိုတာ အသက်ရှူလမ်းကြောင်းရဲ့ လေပြွန်မနဲ့ လေပြွန်ငယ်လေးတွေကနေ ထွက်လာတဲ့အချွဲတွေပါ။ ပါးစပ်ထဲကနေထွက်တဲ့ တံတွေးနဲ့မတူပါဘူး။ အကြည်ရောင်၊ အဖြူရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်၊ သွေးရောင် စသဖြင့် အရောင်အမျိုးမျိုး ရနိုင်ပါတယ်။

 

သလိပ်ထဲမှာ ဆဲလ်အသေတွေနဲ့ အသက်ရှူလမ်းကြောင်းထဲ ဝင်လာတဲ့ ပြင်ပပစ္စည်း အမှုန်အမွှားတွေအပြင်မှာ ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေကနေ ကာကွယ်ပေးတဲ့ သွေးဖြူဥတွေ၊ ခုခံအားဆဲလ်လေးတွေပါ ပါလာတတ်ပါတယ်။ သလိပ်ထွက်တာ များလာစေတတ်တဲ့ ရောဂါအခြေအနေတချို့လည်း ရှိပါတယ်။ သလိပ်ကို စစ်ဆေးကြည့်ပြီး ရောဂါကို ရှာဖွေနိုင်ပါတယ်။

Solmux Adult IA 1 2023

>>  သလိပ်အရောင်နဲ့ အပျစ်အကျဲကိုကြည့်ပြီး ရောဂါကို ခန့်မှန်းနိုင်ပါတယ်။
●  သလိပ်အကြည် : သလိပ်အကြည်ကတော့ ပုံမှန်ဖြစ်တာ များပါတယ်။ အဆုတ်ရောဂါတချို့မှာတော့ သလိပ်အကြည်တွေ အများကြီးထွက်တာမျိုးတော့ ဖြစ်တတ်ပါတယ်။

●  သလိပ်အဖြူ (သို့) ခဲရောင် : ဒီအရောင်ကလည်း ပုံမှန်လူတွေမှာ တွေ့တတ်ပါတယ်။ တချို့အဆုတ်ရောဂါမှာတော့ ပုံမှန်ထက် ပိုထွက်တတ်ပြီး တစ်ခါတလေ တခြားအရောင်မပြောင်းခင်စပ်ကြား ထွက်တတ်တာမျိုးလည်း ရှိပါတယ်။

●  အဝါပုပ် (သို့) အစိမ်းရောင်သလိပ် : သွေးဖြူဥတစ်မျိုးဖြစ်တဲ့ neutrophils ဆဲလ်ဟာ အစိမ်းရောင် ရှိတတ်ပါတယ်။ ဒီသွေးဖြူဥကို ရောဂါပိုးမွှားရှိတဲ့နေရာမှာ တွေ့ရတတ်တာမို့ ဘက်တီးရီးယား အဆုတ်ရောင်တာမျိုးမှာ ဒီအရောင်သလိပ် ထွက်တတ်ပါတယ်။ Cystic fibrosis လို့ခေါ်တဲ့ မွေးရာပါအဆုတ်ရောဂါမျိုးမှာလည်း ဒီလိုသလိပ်ထွက်နိုင်ပါတယ်။

●  အညိုရောင်သလိပ် : ကတ္တရာပါတဲ့ အညိုရောင်သလိပ်မျိုးကို ဆေးလိပ်သောက်တတ်တဲ့သူတွေဆီမှာ တွေ့ရတတ်ပါတယ်။ သွေးဟောင်းတွေကြောင့် သလိပ်က အညိုရောင်တို့၊ အနက်ရောင်တို့ ဖြစ်နေတတ်တာလည်း ရှိပါတယ်။ အနက်ရောင်အဆုတ်လို့ခေါ်တဲ့ ရောဂါမှာလည်း ဒီလိုသလိပ်မျိုး ထွက်နိုင်ပါတယ်။ ကျောက်မီးသွေးလိုမျိုးအရာတွေကို ရှူရှိုက်မိတာကြောင့် ဖြစ်တတ်တဲ့ရောဂါမျိူးပါ။

Solmux Adult IA 2

●  ပန်းရောင်သလိပ် : ပန်းရောင်သလိပ်ကို အဆုတ်ရေဝင်ခြင်းလို့ခေါ်တဲ့ သွေးကြောထဲကရေတွေနဲ့ သွေးအနည်းငယ် အဆုတ်လေအိတ်လေးတွေထဲကို စိမ့်ဝင်နေတဲ့အခြေအနေမျိုးမှာ တွေ့ရတတ်ပါတယ်။ ဒီအခြေအနေဟာ နှလုံးညှစ်အားနည်းတဲ့ရောဂါမှာ ဖြစ်တတ်ပါတယ်။ တီဘီရောဂါမှာလည်း ပန်းရောင် ဒါမှမဟုတ် သွေးစစွန်းတဲ့ သလိပ်မျိုးလေးတွေ ပါတတ်ပါတယ်။

●  သွေးပါတဲ့သလိပ် : သွေးပါတဲ့သလိပ်ကတော့ အမြဲတမ်း စစ်ဆေးကြည့်ဖို့ လိုပါတယ်နော်။ သလိပ်သွေးပါတာဟာ အရေးကြီးတဲ့လက္ခဏာတစ်ခုဖြစ်ပြီး ၇-၃၅%မှာ အဆုတ်ကင်ဆာရဲ့ ပထမဆုံးလက္ခဏာတစ်ခု ဖြစ်နေတတ်ပါတယ်။ အဆုတ်သွေးခဲပိတ်တဲ့အခါမှာလည်း သလိပ် သွေးပါတတ်ပါတယ်။ လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းလောက်ဆိုရင်တောင် အရေးပေါ်လို့ သတ်မှတ်နိုင်ပြီး ခွက်ရဲ့လေးပုံတစ်ပုံလောက် ထွက်တယ်ဆိုရင်တော့ အတော်များတယ်လို့ ယူဆပြီးတော့ သေသေချာချာ ကုသမှုခံယူသင့်ပါတယ်။  

သလိပ်ဆိုတာ ဆဲလ်တွေ၊ ပြင်ပအမှုန်အမွှားတွေ၊ သွေးဖြူဥတွေပါဝင်နေတဲ့ အသက်ရှူလမ်းကြောင်းကနေ ထွက်လာတဲ့ အချွဲပါပဲ။ သလိပ်ရဲ့အရောင်၊ အပျစ်အကျဲ၊ ပမာဏတွေက အဆုတ်ရောဂါကို ရှာဖွေရာမှာ အထောက်အကူပြုပါတယ်။ သလိပ်ကို စစ်ဆေးကြည့်ခြင်းအားဖြင့် တီဘီတို့၊ အဆုတ်ကင်ဆာတို့ကိုတောင်မှ ရှာဖွေနိုင်ပါတယ်။ သလိပ်တွေ အများကြီးထွက်တာဟာ စိတ်ညစ်စရာကောင်းတယ်ဆိုပေမယ့် ဒါဟာ အဆုတ်ကို ဖျက်ဆီးနိုင်တဲ့ အရာဝတ္ထုတွေကို အဆုတ်ထဲကနေ ပြန်လည်ဖယ်ရှားပေးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)