/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သာမန်အဆစ်ရောင်ရောဂါလား၊-လေးဖက်နာအဆစ်ရောင်ရောဂါလားဆိုတာ

သာမန်အဆစ်ရောင်ရောဂါလား၊ လေးဖက်နာအဆစ်ရောင်ရောဂါလားဆိုတာ ဘယ်လိုခွဲခြားကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လေးဖက်နာဖြစ်လို့ ဆေးသောက်နေရတယ် မိုးရွာတာနှင့် ခြေဆစ်လက်ဆစ်တွေ အရမ်းနာတာပဲဆိုတဲ့ စကားကို ကျွန်မတို့မြန်မာလူမျိုးတွေဆီကနေ မကြာခဏ ကြားရလေ့ရှိပါတယ်။
လေးဖက်နာအဆစ်ရောင်ရောဂါဆိုတာကတော့ မိမိကိုယ်ခံအားက မိမိခန္ဓာကိုယ်ကို ပြန်ဖျက်ဆီးသော ကိုယ်ခံအားရောဂါ Autoimmune ရောဂါတစ်ခု ဖြစ်ပါတယ်။ အဆစ်များနာကျင်ခြင်း၊ တင်းမာခြင်း၊ နီရဲရောင်ကိုင်းနေခြင်း စတဲ့ ရောဂါလက္ခဏာတွေရှိနိုင်ပြီး ပိုဆိုးလာသောအဆင့်နှင့် ပျောက်လိုက်ပြန်ဖြစ်လိုက်အဆင့်တွေကို ဖြတ်သန်းရဦးမှာဖြစ်ပါတယ်။

မိမိကြုံတွေ့နေရတာဟာ သာမန်အဆစ်ရောင်ရောဂါလား၊ လေးဖက်နာအဆစ်ရောင်ရောဂါလားဆိုတာ ခွဲခြားသိဖို့အတွက် ရောဂါလက္ခဏာတွေကို လေ့လာကြည့်ရအောင် ...

(၁) ဒဏ်ရာတွေက အချိန်တော်တော်ကြာမှ အနာကျက်တယ်
ဥပမာ - ခြေချင်းဝတ်လည်သလို ဖြစ်ပြီးနောက်ပိုင်း နာကျင်မှုဟာ တော်တော်နှင့် မသက်သာသေးပါက လေးဖက်နာအဆစ်ရောင်ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ လူငယ်တွေမှာ အဖြစ်ပိုများတတ်ပြီး ဒီနေ့ ဘောလုံးကန်ပါက မနက်ဖြန်လောက်မှာ ဒူးဆစ်တွေ ရောင်နေတာမျိုး တွေ့ရတတ်ပါတယ်။

Jointace 1

(၂) လက်တွေမှာ တဆစ်ဆစ်နှင့် ထုံကျဉ်နေတတ်တယ်
လက်မောင်းဆစ်ရောင်နေရာကနေ လက်ကောက်ဝတ်ရှိ အာရုံကြောများကို ဖိမိခြင်းကြောင့် လက်များနှင့် လက်ကောက်ဝတ်မှာ တဆစ်ဆစ်ကျဉ်နေခြင်းကို ခံစားရပါလိမ့်မယ်။ ညဘက်မှာ ပိုဆိုးတတ်ပါတယ်။

(၃) ခြေထောက်များ နာကျင်ခြင်း
အချို့လေးဖက်နာရှိသူတွေဟာ ခြေထောက်မှာ အဓိကနာကျင်တတ်ကြပါတယ်။ ဒါကြောင့် ဒေါက်ဖိနပ်စီးတိုင်း နာကျင်လွန်းတာမျိုးကို ခံစားရပါလိမ့်မယ်။

(၄) မျက်စိပြဿနာ
လေးဖက်နာရှိသူများအနေနှင့် မျက်စိကိုပါ ထိခိုက်တတ်သော autoimmune ရောဂါတစ်မျိုးကိုပါ ခံစားရတတ်ပါတယ်။ အဆီဓာတ်ထုတ်ပေးသောဂလင်းများ ရပ်တန့်သွားခြင်းကြောင့် မျက်စိ၊ ပါးစပ်၊ နှာခေါင်း၊ လည်ပင်းနှင့် အရေပြားခြောက်ခြင်းတို့ကို ကြုံတွေ့ရပါတယ်။

Jointace 2

(၅) အသက်ကြီးလာသောကြောင့် အဆစ်ရောင်တယ်လို့ ထင်တတ်ကြခြင်း
လူအများစုအနေနှင့် လှုပ်ရှားမှုများခြင်း၊ အသက်ကြီးလာခြင်းတို့ကြောင့် သာမန်အဆစ်ရောင်တယ်လို့ ယူဆပြီး ပေါ့ဆစွာနေတတ်ကြပါတယ်။ လေးဖက်နာအဆစ်ရောင်ခြင်းဟာ အနည်းဆုံး တစ်ပတ်ထက် ပိုကြာနိုင်ပြီး လက်နှစ်ဖက်၊ ခြေနှစ်ဖက်၊ ဒူးနှစ်ဖက် စသည်ဖြင့် ညီမျှစွာ အချိန်တစ်ပြိုင်နက်တည်း နာကျင်တတ်ပါတယ်။

(၆) မနက်မိုးလင်းရင် နာကျင်တောင့်တင်းခြင်း
လေးဖက်နာအပြင် သာမန်အရိုးအဆစ် ရောင်ရမ်းခြင်းဟာလည်း အိပ်ရာနိုးစတွင် နာကျင်တောင့်တင်းတတ်ပေမယ့် ကွာခြားချက်ကတော့ သာမန်အရိုးအဆစ်ရောင်ခြင်းဟာ နာရီဝက်အတွင်း ပြန်လည်သက်သာတတ်ပါတယ်။ လေးဖက်နာကြောင့် တောင့်တင်းနာကျင်ခြင်းကတော့ တစ်နေကုန် မပျောက်ဘဲ ရှိတတ်ပါတယ်။

(၇) အဆစ်များ လှုပ်ရှားမရခြင်း
ဒူးဆစ်နှင့်တံတောင်ဆစ်များတစ်ဝိုက်တွင် ရောင်ပြီး ဖောင်းနေခြင်းကြောင့် အဆစ်တွေ ကောင်းစွာကွေးမရ ဖြစ်နေတတ်ပါတယ်။ တကယ်လို့ မိမိမှာ အထက်ပါလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ ဆရာဝန်နှင့် ပြသတိုင်ပင်ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ကြဖို့ အကြံပေးလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)