သိထားသင့်တဲ့ လက်ကိုင်ဖုန်းအန္တရာယ်
လက်ကိုင်ဖုန်းတွေဟာ နေ့စဉ်လူမှုဘဝအတွက်မရှိမဖြစ်အရာတစ်ခုဖြစ်ပြီး ကမ်ဘာပေါ်ရှိလူဦးရေ အရေအတွက်ထက် လက်ကိုင်ဖုန်းအရေအတွက်က ပိုမိုများပြားနေကြောင်း စစ်တမ်းကောက်ယူမှုတစ်ခုအရသိရပါတယ်။ လက်ကိုင်ဖုန်းတွေ စတင်ခေတ်စားလာချိန်မှစတင်ပြီးတော့ လက်ကိုင်ဖုန်းနဲ့ ပတ်သက်တဲ့ အကြံပေးချက်တွေဟာလည်း အမျိ်ုးမျိုးထွက်ပေါ်လာပါတယ်။ တချို့အကြောင်းအရာတွေအတွက် သက်သေမပြနိုင်သေးသော်လည်း အခုခေတ်မှာ လူအများစုဟာလက်ကိုင်ဖုန်းတွေကို နာရီပေါင်းများစွာအသုံးပြုနေတာကြောင့် လက်ကိုင်ဖုန်းတွေရဲ့ ကျန်းမာရေးအပေါ်အကျိုးသက်ရောက်ပုံနဲ့ ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေကိုတော့ သိထားသင့်ပါတယ်။
1. စိတ်ဖိစီးမှုများခြင်း
လက်ကိုင်ဖုန်းတွေကြောင့် စိတ်ဖိစီးမှုများရတယ်ဆို်တာတော့ အံ့သြစရာအချက်မဟုတ်ပါဘူး။ အလုပ်များနေချိန်မှာ ဖုန်းလာတာမျိုးပဲဖြစ်ဖြစ်၊ ဖုန်းမြည်သံကိုအဆက်မပြတ်ကြားနေရတဲ့အတွက် အရေးတကြီးဖုန်းကိုင်ဖို့လိုတဲ့အချိန်မှာပဲဖြစ်ဖြစ် စိတ်ဖိစီးမှုသာမက စိုးရိမ်ပူပန်စိတ်တွေပါမြင့်တက်စေနိုင်ပါတယ်။ ထို့ပြင် လက်ကိုင်ဖုန်းအလွန်အမင်းသုံးစွဲခြင်းဟာ အိပ်ရေးပျက်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေနဲ့ပါ ဆက်စပ်လျက်ရှိပါတယ်။
2. ဘက်တီးရီးယားပိုးများနှင့် ထိတွေ့ခြင်း
လက်ကိုင်ဖုန်းတွေကို ပုံမှန်သန့်ရှင်းရေးပြုလုပ်လေ့မရှိတာကြောင့် ညစ်ပတ်ပြီးရောဂါပိုးပေါင်းစုံပေါက်ပွားနေနိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်အရလက်ကိုင်ဖုန်းတွေကို အနည်းဆုံးတစ်နေ့တစ်ကြိမ် ပိုးသတ်ဆေးရည်နဲ့ သုတ်ပေးသင့်ပါတယ်လို့သိရပါတယ်။
3. ကားမောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်း
ကားမောင်းစဉ် လက်ကိုင်ဖုန်းသုံးခြင်းဟာ အလွန်အန္တရာယ်များကြောင်း သိထားပြီးသားဖြစ်သော်လည်း လူအများစုက လိုက်နာမှုမရှိကြပေ။ ကားမောင်စဉ် နားကြပ်တပ်၍ ဖုန်းပြောသူများ၌ပင် အလွန်အန္တရာယ်များကြောင်းကို Carnegie Mellon တက္ကသိုလ်က လေ့လာစမ်းသပ်မှုများပြုလုပ်၍ သက်သေပြခဲ့ပါတယ်။ ဖုန်းထဲမှစကားသံကို နားထောင်ရုံဖြင့် ကားမောင်းသည့်အပေါ်အာရုံစူးစိုက်မှုမှာ 30% ခန့်ထိ ကျဆင်းသွားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
4. ကလေးငယ်များအပေါ် အကျိုးသက်ရောက်မှု
ကလေးငယ်ပေါင်း 30,000 ကို လေ့လာစမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ရာ အမေဖြစ်သူက ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားပြီးနောက်ကလေးငယ်နားတွင် လက်ကိုင်ဖုန်းအလွန်အကျွံသုံးစွဲမှုကြောင့် ကလေးငယ်တို့တွင် အပြုအမူဆိုင်ရာပြဿနာများ မြင့်တက်နိုင်ကြောင်းတွေ့ရှိရပါတယ်။
5. လက်ကိုင်ဖုန်းအသုံးပြုခြင်းနှင့် ကင်ဆာရောဂါ
လက်ကိုင်ဖုန်းသုံးစွဲခြင်းနဲ့ ကင်ဆာရောဂါမှာ ဆက်စပ်မှုရှိ/မရှိကို အငြင်းပွားဆဲဖြစ်သော်လည်း ဆွီဒင်တွင်ပြုလုပ်သည့် သုတေသနတစ်ခုအရ လက်ကိုင်ဖုန်းများကြောင့် ဦးနှောက်အကျိတ်ဖြစ်နိုင်ချေ သုံးဆထိမြင့်တက်နိုင်ကြောင်းတွေ့ရှိရပါတယ်။ အကြီးမားဆုံးပြဿနာတစ်ခုကတော့ လူအများစုအတွက် လက်ကိုင်ဖုန်းသုံးစွဲတဲ့သက်တမ်းမှာမကြာသေးတာကြောင့် ကင်ဆာနှင့်ဆက်စပ်မှုကို သေချာစွာသက်သေပြရန်ကိုမူ မပြုလုပ်နိုင်သေးပေ။
6. နာတာရှည် နာကျင်ခြင်းဝေဒနာခံစားရခြင်း
လက်ကိုင်ဖုန်းကိုကြာရှည်စွာအသုံးပြုပါက ခါးနာဝေဒနာကို ခံစားစေရုံသာမက စာအမြန်ရိုက်ခြင်းကြောင့် ကျီးပေါင်းတက်ခြင်းနှင့် အရိုးအဆစ်များရောင်ရမ်းခြင်းတို့ကိုပါ ခံစားရစေနိုင်ပါတယ်။
7. လမ်းလျှောက်စဉ် စကားပြောခြင်းဟာ အန္တရာယ်များလှပါတယ်
လမ်းလျှောက်ပြီးစကားပြောခြင်းဟာ အခြားသူတွေအတွက် အနှောက်အယှက်ဖြစ်စေရုံသာမက လမ်းဖြတ်ကူးတဲ့အခါမှာတော့ မိမိအတွက်လည်း အန္တရာယ်များလှပါတယ်။ မကြာသေးမီကပြုလုပ်တဲ့ သုတေသနပြုလုပ်ချက်အရ ကလေးငယ်တွေဟာ ဖုန်းပြောနေတာကြောင့် လမ်းဖြတ်ကူးတဲ့အခါသတိပြုမှု 20% ခန့်ကျဆင်းသွားတာကြောင့် ကလေးငယ်တွေအတွက် စိုးရိမ်စရာတစ်ခုဖြစ်လာကြောင်းသိရပါတယ်။
8. လက်ကိုင်ဖုန်းနှင့် ဓာတ်မတည့်ခြင်း
လက်ကိုင်ဖုန်းကိုပြုလုပ်ထားတဲ့ သတ္တုအချို့နှင့် ဓာတ်မတည့်ခြင်းဟာလည်း လက်ကိုင်ဖုန်းသုံးစွဲတဲ့သူတွေ အထူးသတိပြုရမယ့်အချက်တစ်ခုဖြစ်ပါတယ်။ အရေပြားရောဂါဆရာဝန်တွေရဲ့ပြောဆိုချက်အရ နီကယ်ကဲ့သို့ပစ္စည်းများနှင့် ဓာတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်းများဖြစ်ပွားမှုနှုန်းသည် မကြာသေးမီကာလများအတွင်း မြင့်တက်လျက်ရှိကြောင်းသိရှိရပါတယ်။
9. နားကိုအန္တရာယ်ဖြစ်စေခြင်း
နားကြပ်တက်၍ သီးချင်းနားထောင်ခြင်းကြောင့် နားမကြားမှုများဖြစ်စေနိုင်ကြောင်း၊ 20% သောသူများတွင် နားမကြားခြင်းမှာ လက်ကိုင်ဖုန်းများမှသီချင်းများကို ကျယ်လောင်စွာနားထောင်ခြင်းကြောင့်ဖြစ်ကြောင်းကို စစ်တမ်းကောက်ယူမှုများမှတဆင့် သိရပါတယ်။
10. မျက်စိကိုဒဏ်ဖြစ်စေခြင်း
လက်ကိုင်ဖုန်းကိုအမြဲမပြတ်ကြည့်နေသူများတွင် အမြင်အာရုံချို့တဲ့မှုဖြစ်နိုင်ချေပိုမိုမြင့်မားပါတယ်။ ကွန်ပျူတာကို အကြာကြီးကြည့်ခြင်းသည်မကောင်းသော်လည်း မျက်နှာပြင်သေးသောလက်ကိုင်ဖုန်းကိုကြည့်ခြင်းမှာ ပို၍ပင်မျက်စိကိုထိခိုက်စေနိုင်ပါတယ်။
Dr. Thinzar Wynn






























