/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သိထားသင့်တဲ့-အရိုးကျန်းမာရေး

သိထားသင့်တဲ့ အရိုးကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အရိုးတွေဟာ ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ပေးတယ်၊ ကြွက်သားတွေကို ထောက်ပံ့ပေးတယ်၊ ကယ်လ်စီယမ်တွေကို သိမ်းထားပေးပါတယ်။ အရိုးတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတတ်ပါတယ်။ အရိုးတွေက အသစ်တွေ အမြဲဖြစ်နေတယ်၊ အဟောင်းတွေက အမြဲပျက်စီးနေပါတယ်။ အသက် ၃၀ လောက်အထိတော့ အသစ်ဖြစ်တဲ့နှုန်းက ပျက်စီးတဲ့နှုန်းထက် ပိုများပေမယ့် ၃၀ ကျော်ပြီးချိန်မှာတော့ အသစ်ဖြစ်တဲ့နှုန်းက ကျလာပါတယ်။ ဒါကြောင့် အရိုးပွတာ၊ အရိုးပါးတာတွေ ဖြစ်လာပါတယ်။

>>  အရိုးကို ထိခိုက်စေတဲ့အရာတွေ
●  အစားအစာ
စားတဲ့ အစားအစာထဲမှာ ကယ်လ်စီယမ်နည်းတဲ့အခါ အရိုးပါးတာ၊ စောစောစီးစီး အရိုးတွေ မကောင်းတာ၊ အရိုးကျိုးလွယ်တာတွေ ဖြစ်တတ်ပါတယ်။

●  ကိုယ်လက်လှုပ်ရှားမှု
ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့လူတွေဟာ အားကစားလုပ်တဲ့လူထက် အရိုးပွရောဂါ ပိုဖြစ်ပါတယ်။

●  အရက်နဲ့ ဆေးလိပ်
ဒါတွေ သုံးစွဲရင် အရိုးတွေကို အားပျော့စေပါတယ်။ ဒါ့အပြင် အရက်ကို မိန်းမတွေအဖို့ တစ်ရက်ကို တစ်ခွက်ထက်ပိုရင်၊ ယောကျာ်းတွေဖို့ နှစ်ခွက်ထက်ပိုရင် အရိုးပွရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။

●  ကျား/မ ခွဲခြားမှု
မိန်းမတွေက ပိုပြီး အရိုးပွရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။

●  ခန္ဓာကိုယ် အရွယ်အစား
ပိန်တဲ့လူတွေ၊ ခန္ဓာကိုယ်သေးတဲ့လူတွေဟာ အရိုးလည်း သေးတာကြောင့် အရိုးရောဂါတွေ ဖြစ်နိုင်ချေ ပိုများပါတယ်။

Jointace 1

●  အသက်
အသက်ကြီးလေ အရိုးတွေ ပါးလေ၊ အားပျော့လာလေ ဖြစ်မှာပါပဲ။

●  မျိုးရိုးနဲ့ မိသားစု ရာဇဝင်
အနောက်တိုင်းသားတွေ၊ အာရှသားတွေဟာ အရိုးပွရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။ ဒါ့အပြင် မိသားစုထဲမှာ အရိုးပွရောဂါ ဖြစ်ဖူးရင် ဖြစ်နိုင်ချေ များပါတယ်။

●  ဟော်မုန်းတွေ
သိုင်းရွိုက်ဟော်မုန်းများရင် အရိုးတွေ များများဆုံးရှုံးပါတယ်။ မိန်းမတွေဆိုရင်လည်း အီစထရိုဂျင်ကျသွားတဲ့ သွေးဆုံးချိန်မှာ အရိုးတွေ ပါးလာပါတယ်။ ယောကျ်ားတွေအဖို့ တက်စထရိုစတီရုန်း နည်းရင် အရိုးပါးနိုင်ပါတယ်။

●  ရောဂါတွေ
အစားမစားချင်တဲ့ရောဂါ၊ အစားစားပြီး ပြန်အန်တဲ့ရောဂါတွေ၊ အစာအိမ် ခွဲစိတ်ပြုပြင်ထားတဲ့ လူတွေ၊ အူလမးကြောင်းရောဂါရှိတဲ့လူတွေမှာ ခန္ဓာကိုယ်က ကယ်လ်စီယမ် ကောင်းကောင်း မစုပ်ယူနိုင်လို့ အရိုးဆုံးရှုံးမှု များပါတယ်။

●  ဆေးတွေ
စတီးရွိုက်လို့ခေါ်တဲ့ အရောင်ကျဆေး၊ အတက်ကျဆေးတွေ၊ ကင်ဆာဆေးတွေ သောက်နေရတဲ့ လူတွေအဖို့ အရိုးပွရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။

Jointace 2

>>  အရိုးတွေ ကျန်းမာအောင် ဘာလုပ်ရမလဲ?
●  ကယ်လ်စီယမ် ပါတာတွေ များများစားပါ။
နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဗန်ဒါစေ့၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ အရိုးပါတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ပဲပိစပ်၊ တို့ဖူး စတာတွေမှာ ကယ်လ်စီယမ် များများပါလို့ စားပေးပါ။ တကယ်လို့ ဖြည့်စွက်ပြီး အားဆေးအနေနဲ့ သောက်ချင်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

●  ဗီတာမင်ဒီလည်း စားပါ။
ဗီတာမင်ဒီရှိမှ ခန္ဓာကိုယ်က ကယ်လ်စီယမ်ကို စုပ်ယူနိုင်မှာပါ။ ဗီတာမင်ဒီက အဆီများတဲ့ငါး ဥပမာ - ဆယ်လ်မွန်၊ တူနာ၊ မှို၊ ဥ၊ နို့နဲ့ ကွေကာအုတ်တွေမှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေရောင်ကလည်း ခန္ဓာကိုယ်ကနေ ဗီတာမင်ဒီကို ထုတ်လုပ်တဲ့နေရာမှာ လိုအပ်ပါတယ်။

●  ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
အလေးပါတာတွေနဲ့ ကစားတာ၊ လမ်းလျှောက်တာ၊ ပြေးတာ စတာတွေ လုပ်တာက အရိုးတွေကို သန်မာစေပြီး အရိုးဆုံးရှုံးမှုကို လျော့နည်းစေပါတယ်။

●  အရက်၊ ဆေးလိပ်ရှောင်ပါ။
အရက်တွေ၊ ဆေးလိပ်တွေက လူကို ကောင်းကျိုးမပေးတဲ့အရာတွေမို့ အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။

Dr. Htar (www.drmyanmar.com)