/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သိုင်းရွိုက်ကြောင့်-လည်ပင်းကြီးရောဂါ-ဖြစ်နေပြီလား

သိုင်းရွိုက်ကြောင့် လည်ပင်းကြီးရောဂါ ဖြစ်နေပြီလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လည်ပင်းကြီးရောဂါဖြစ်နေသည့် လူများကို ကျွန်မတို့ ပတ်ဝန်းကျင်တွင် မြင်တွေ့ဖူးကြမှာပါ။ လည်ပင်းကြီးတာကလွဲပြီး အခြားသော ရောဂါလက္ခဏာ ကြီးကြီးမားမားခံစားရခြင်း မရှိသည့်အတွက် စစ်ဆေးမှု မခံယူကြတာ များပါတယ်။ တကယ်ကတော့ လည်ပင်းကြီးရောဂါ ဖြစ်ပေါ်ပြီဆိုပါက သိုင်းရွိုက်ကြီးခြင်းနဲ့အတူ သိုင်းရွိုက်ကင်ဆာ ရှိ၊ မရှိကို စစ်ဆေးသင့်ပါတယ်။

          လည်ပင်းကြီးရောဂါဟာ သိုင်းရွိုက်ကြောင့်သာမက ပြန်ရည်အကျိတ်များကြီးခြင်း၊ ပြည်တည်ခြင်းနဲ့ ထိခိုက်ဒဏ်ရာများကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် လည်ပင်းကြီးရောဂါ ဖြစ်နေသူများအနေဖြင့် အရင်ဆုံး မိမိရဲ့သိုင်းရွိုက်ဂလင်း ကြီးမားခြင်း ရှိ၊ မရှိကို မိမိကိုယ်တိုင် အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။

 

>>    သိုင်းရွိုက်ကြီးမကြီးကို အိမ်တွင် မိမိကိုယ်တိုင် ဘယ်လိုစစ်ဆေးနိုင်ပါသလဲ?

          သိုင်းရွိုက်ဂလင်းဆိုတာ သေးငယ်သော လိပ်ပြာပုံစံ ဂလင်းလေးဖြစ်ပြီး သင့်လည်ပင်းရဲ့ အရှေ့ဘက် အောက်ပိုင်းနေရာတွင် တည်ရှိပါတယ်။ အသေးစိတ်အနေဖြင့် ညှပ်ရိုးအပေါ်နားနဲ့ အစာရေမျိုရဲ့ အောက်နားတွင် တည်ရှိတာ ဖြစ်ပါတယ်။

 

♦        မှန်ရှေ့တွင် မတ်တပ်ရပ်ပါ။

●        မိမိလည်ပင်းကို ရှင်းလင်းစွာ မြင်နိုင်သော အနေအထားတွင် မတ်တပ်ရပ်ပါ။ လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးများကို ဖယ်ရှားပေးဖို့ လိုပါတယ်။

●        လည်ပင်းကို အပေါ်သို့မော့ပါ။ မေးစေ့ကို မျက်နှာကြက်ရှိရာသို့ ဦးတည်ထားပါ။

●        ထိုအနေအထားအတိုင်းတွင် ရေအနည်းငယ်ကို ငုံပြီး မျိုချပေးပါ။ ထိုသို့မျိုချခြင်းဖြင့် သင့်ရဲ့ အစာရေမျိုကို အရှေ့ဘက်သို့ ရောက်စေတဲ့အတွက် သိုင်းရွိုက်ဂလင်းရှိ ပြဿနာများကို ရှင်းလင်းစွာ မြင်နိုင်စေပါတယ်။ ရေမျိုချလိုက်ချိန်တွင် လည်ပင်းနေရာကို လက်ချောင်းလေးများနဲ့ အသာအယာ စမ်းကြည့်ပါ။ လည်ပင်းအကြိတ် ပိုကြီးမားထင်ရှားလာပါက သိုင်းရွိုက်ကြောင့် လည်ပင်းကြီးခြင်းဖြစ်ဖို့ ရာနှုန်းများပါတယ်။

 

          လည်ပင်းကြီးခြင်း ဖြစ်ပေါ်ပါက မပေါ့ဆဘဲ ဆရာဝန်ထံ သွားရောက်တိုင်ပင်သင့်ပါတယ်။

          သိုင်းရွိုက်ကြီးခြင်းဖြစ်ပေါ်ပါက သွေးတွင်း သိုင်းရွိုက်ဟော်မုန်း စစ်ဆေးမှု၊ လည်ပင်းဓာတ်မှန်နဲ့ အာထရာဆောင်းများ ရိုက်ဖို့ လိုအပ်ပါတယ်။ ဆေးဝါးကုသမှုနဲ့အတူ လိုအပ်ပါက ခွဲစိတ်ကုသမှုများ ပြုလုပ်ရမှာဖြစ်လို့ စောစောစီးစီးသိရှိဖို့ အရေးကြီးလှပါတယ်။ လည်ပင်းကြီးရောဂါကို အချိန်မီကုသခြင်းဖြင့် ဆိုးကျိုးများကို ကာကွယ်ပြီးသားဖြစ်စေတာမို့ မပေါ့ဆဖို့ သတိပေးလိုက်ပါတယ်နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)