သိုင်းရွိုက်ဂလင်း သိပ်အလုပ်မလုပ်ကြောင်းပြတဲ့ လက္ခဏာတွေ
သိုင်းရွိုက်ဂလင်းဆိုတာကတော့ လည်ပင်းအရှေ့ဘက် အသံအိုးရဲ့အောက်နားလေးမှာရှိတဲ့ လိပ်ပြာပုံဂလင်းလေး ဖြစ်ပါတယ်။ ဒီသိုင်းရွိုက်ဂလင်းလေးက အရွယ်သေးငယ်ပေမယ့် ထုတ်လွှတ်လိုက်တဲ့ သိုင်းရွိုက်ဟော်မုန်းတွေရဲ့သက်ရောက်မှုကတော့ အစာအိမ်နဲ့အူလမ်းကြောင်း၊ ဦးနှောက်၊ အရေပြား၊ နှလုံး၊ ကြွက်သား၊ သွေးကြောနဲ့ ဇီဝကမ္မဖြစ်စဉ်တွေပေါ်မှာ သိသာတဲ့သက်ရောက်မှုတွေ ရှိပါတယ်။
သိုင်းရွိုက်ဂလင်းအားနည်းတာ (သို့) သိပ်ပြီးအလုပ်မလုပ်တဲ့လက္ခဏာတွေက သိပ်မသိသာတဲ့အတွက် ဒီလက္ခဏာခံစားရတဲ့ ၆၀% လောက်က သူတို့မှာ ဒီရောဂါရှိမှန်း မသိကြပါဘူး။
သိုင်းရွိုက်ဂလင်း အားနည်းတဲ့လက္ခဏာတွေကို ဖော်ပြပေးပါမယ်။ ဒီလက္ခဏာတွေဖြစ်လာရင်တော့ သိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်မလုပ်ဆိုတာကို သွေးဖောက်စစ်ဆေးနိုင်ပါတယ်။
1. စိတ်ကျခြင်း
ပင်ပန်းနွမ်းနယ်၊ ဘာကိုမှစိတ်မဝင်စား၊ ဂဏှာမငြိမ်၊ အိပ်လို့မပျော် စတဲ့လက္ခဏာတွေခံစားနေရရင် စိတ်ကျရောဂါဖြစ်တယ်လို့ သတ်မှတ်နိုင်ပြီးတော့ စိတ်ကျရောဂါကုဆေးတွေနဲ့ ကုသဖို့ လိုပါတယ်။ သိုင်းရွိုက်ဂလင်း အလုပ်သိပ်မလုပ်ရင်လည်း ဒီလက္ခဏာတွေကိုခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ဒီလက္ခဏာတွေ ခံစားရပြီးတော့ စိတ်ကျရောဂါကုဆေးတွေနဲ့လည်း မသက်သာဘူး ဆိုရင်တော့ သိုင်းရွိုက်ဂလင်းကိုလည်း စစ်ဆေးကြည့်သင့်ပါတယ်။
2. ကိုယ်အလေးချိန်တက်ခြင်း
ကိုယ်အလေးချိန် တက်လာရတဲ့အကြောင်းတွေကတော့ အများကြီးပါပဲ။ ကိုယ်ဝန်ဆောင်ရလို့၊ လေ့ကျင့်ခန်းမလုပ်လို့၊ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေစားလို့၊ အားလပ်ရက်တွေမှာ အနားယူ စားသောက်တာတွေ များသွားလို့ စသည်ဖြင့် ဝလာရတဲ့အကြောင်းတွေကတော့ အစုံပါပဲ။ ကိုယ်အလေးချိန် တက်တယ် ကိုယ်အလေးချိန်ကျဖို့ ခက်တယ်ဆိုတာ သိုင်းရွိုက်ဂလင်း ကောင်းကောင်းအလုပ်မလုပ်တဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်မှန်းမသိဘဲ ဝဝလာတယ်ဆိုရင်တော့ သိုင်းရွိုက် စစ်ကြည့်ပါ။
3. ရာသီသွေးဆင်းများခြင်း
သိုင်းရွိုက်ဟော်မုန်းပမာဏ နည်းခြင်းကြောင့် အီစရိုဂျင်ဟော်မုန်းဖြိုခွဲရာမှာ နှောင့်နှေးပြီးတော့ သွေးကျဲစေတဲ့အရာတွေကို ကျစေပါတယ်။ ဒီတော့ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ အမျိုးသမီးတွေမှာဆိုရင် ရာသီသွေးဆင်းတာက ပုံမှန်ထက်ပိုများတတ်ပါတယ်။ ဘာကြောင့် သွေးဆင်းများရတာလဲဆိုပြီး ရောဂါရှာတဲ့အခါမှာ တခြားဟာတွေကိုပဲကြည့်ပြီးတော့ သိုင်းရွိုက်ကို မေ့နေတတ်ပါတယ်။ ဒါကြောင့် သိုင်းရွိုက်စစ်ကြည့်ဖို့လည်း မမေ့ပါနဲ့။
4. အသားအရေ ခြောက်သွေ့ခြင်း
သိုင်းရွိုက်ဟော်မုန်းနည်းတဲ့အခါမှာ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေရုံသာမကဘဲ အရေပြားမှာရှိတဲ့ အဆီဂလင်းတွေကနေပြီးတော့ အဆီထွက်တာ နည်းစေတဲ့အတွက် အရေပြားက အရမ်းခြောက်သွေ့ကြမ်းရှစေပါတယ်။ ပြီးတော့ လက်သည်းတွေ ကြွတ်ဆတ်၊ ဆံပင်တွေ ကျွတ်စေနိုင်ပါတယ်။ များသောအားဖြင့် ဒီလက္ခဏာတွေတွေ့ရင် သိုင်းရွိုက်ကိုစစ်ဖို့ မေ့နေတတ်လို့ သိုင်းရွိုက်ဂလင်းစစ်ဆေးဖို့ အရေးကြီးပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























