သိုင်းရွိုက်ပြဿနာ ရှိနေလား၊ ဒါတွေကို ဆန်းစစ်ကြည့်ပါ။
လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်း သေးသေးလေးဟာ ခန္ဓာကိုယ်မှာ အကျိုးသက်ရောက်မှု အများကြီး ရှိနေတယ်။ ဇီဝကမ္မဖြစ်စဉ်တွေ၊ နှလုံးခုန်နှုန်းတွေ၊ စိတ်ခံစားချက်တွေနဲ့ တခြားလုပ်ငန်းမျိုးစုံအတွက် အရေးပါ,ပါတယ်။ သိုင်းရွိုက်ဂလင်း အလုပ်ကောင်းကောင်း မလုပ်နိုင်တဲ့အခါ သိုငး်ရွိုက်ဟော်မုန်းတွေ ကောင်းကောင်းမထုတ်နိုင်တော့တာကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အောက်ပါလက္ခဏာတွေ တွေ့ရင်တော့ သိုင်းရွိုက်ဟော်မုန်းကို စစ်ဆေးကြည့်သင့်ပါတယ်။
● နုံးနေလိမ့်မယ် : သိုင်းရွိုက်ဟော်မုန်း နည်းနေတဲ့အခါ လူက နုံးချိနေတတ်ပါတယ်။
● ဦးနှောက်ကြီး ထုံထိုင်းနေတတ်တယ် : သိုင်းရွိုက်ထွက်နှုန်း နှေးကွေးနေတာကြောင့် မေ့မေ့လျော့လျော့ဖြစ်ပြီး ဦးနှောက်က မှုန်ဝေနေတတ်တယ်။
● ဝမ်းချုပ်တတ်တယ် : အစာခြေစနစ်တွေ နှေးကွေးသွားတာကြောင့် ဝမ်းချုပ်တတ်တယ်။
● ဝိတ်တွေ တက်လာလိမ့်မယ် : သိုင်းရွိုက် အလုပ်မလုပ်တော့ ဇီဝကမ္မဖြစ်စဉ်တွေ နှေးကွေးလာတယ်။ အစားပိုမစားဘဲ ၀လာနိုင်ပါတယ်။
● အရေပြားက ခြောက်သွေ့ ယားယံလာမယ် : ဆံပင်နဲ့ လက်သည်းတွေလည်း ကြွပ်ဆတ်လာတတ်တယ်။
● အသားအရေ အေးစက်နေတတ်တယ် : တစ်ကိုယ်လုံးမှာရှိတဲ့စနစ်တွေ နှေးကွေးသွားတော့ စွမ်းအင်သုံးစွဲမှုလည်း နည်းသွားတယ်။ ဒီတော့ ခန္ဓာကိုယ်က အပူသိပ်မထွက်တော့ဘူးပေါ့။
● သွေးဆင်းတာ များလာတယ် : သွေးဆင်းတာ ပိုများ၊ ပိုကြာပြီး ပိုနာလာတတ်တယ်။
ဒီအချက်တွေရှိနေရင် သိုင်းရွိုက်ပြဿနာ ရှိနေနိုင်တယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























