/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သိုင်းရွိုက်ဟော်မုန်းချို့တဲ့သောရောဂါနှင့်

သိုင်းရွိုက်ဟော်မုန်းချို့တဲ့သောရောဂါနှင့် ရွေးချယ်စားသောက်သင့်သောအစားအစာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အစားအစာများရွေးချယ်စားသောက်ခြင်းဖြင့် သိုင်းရွိုက်ဟော်မုန်းချို့တဲ့သောရောဂါကို ပျောက် ကင်းအောင် မလုပ်နိုင်ပေမယ့်လည်း စိတ်ဖိစီးမှုလျော့ကျအောင်၊  ပိုပြီးနေထိုင်ကောင်းအောင်နဲ့ နောက်ဆက် တွဲရောဂါတွေကာကွယ်နိုင်ဖို့ရာ အကူအညီပေးနိုင်ပါတယ်။

          အရေးကြီးတာက ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ဟော်မုန်းဆေးတွေကိုတော့ မပျက်မကွက်သောက်ဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာတွေကို စားသောက်ပါ

        သိုင်းရွိုက်ဟော်မုန်းချို့တဲ့သောရောဂါအတွက် အထူးစပါယ်ရှယ် အစားအစာဆိုတာမရှိပါဘူး။ သို့ပေမယ့်လည်း သင့်တင့်မျှတအောင် စားသောက်ခြင်းက နေထိုင်ကောင်းစေ၍ ရောဂါတွေမှ ကာကွယ်ပေးနိုင်ပါတယ်။

          ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ ကျန်းမာရေးအတွက်ကောင်းတယ်၊ ဒါမှမဟုတ် လည်ပင်းကြီးရောဂါအတွက် သင့်တော်တယ်လို့ကြားဖူးတဲ့ အစားအစာပင်လျှင် တစ်မျိုးထဲကို အလွန်အကျွံမစားသုံးသင့်ပါ။ လည်ပင်းကြီးရောဂါအတွက် ကောင်းတဲ့အစားအစာဆိုတာမရှိသလို ဘယ်အစားအသောက်မဆို တစ်မျိုးတည်းကို အများကြီးစားတာဟာ မကောင်းပါဘူး။

          ဖြစ်နိုင်လျှင် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို စားသုံးပေးပါ။ ဘယ်ရီသီးနဲ့ စပျစ်သီးကဲ့သို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေများစွာပါဝင်တဲ့ ရောင်စုံသီးနှံများကို ရွေးချယ်နိုင်ပါတယ်။

          ပြည့်ဝဆီတွေလွန်ကဲစွာပါဝင်တဲ့ အနီရောင်အသားကဲ့သို့ အစားအစာများကိုရှောင်ကြဉ်၍ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အိုမီဂါ 3 ပါ၀င်တဲ့ ပင်လယ်စာတွေကို တစ်ပတ်လျှင် နှစ်ကြိမ်ခန့်စားသင့်ပါတယ်။

ဒွိဟဖြစ်စေတဲ့ အစားအစာများ

        အချို့သောအစားအစာတွေဟာ ကုထုံး (သို့) သိုင်းရွိုက်အလုပ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။

ပဲပိစပ်နှင့် ကော်ဖီ

        ၎င်းတို့သည် ခန္ဓာကိုယ်မှဟော်မုန်းဆေးတွေအသုံးပြုမှုကို လျော့ကျစေပါတယ်။ လုံးဝရှောင်ကြဉ်ဖို့မလိုပေမယ့်လည်း ဆေးသောက်ချိန်နှင့် ကပ်ပြီးတော့ မစားမသောက်သင့်ပါ။ ဒါကြောင့် မနက်ပိုင်းမှာ ဆေးသောက်တယ်ဆိုပါက ပဲငံပြာရည်၊ ပဲနို့၊ တို့ဖူးနဲ့ ကော်ဖီတို့ကို နေ့လည်ပိုင်းလောက်မှသာ စားသုံးသင့်ပါတယ်။

ပင်လယ်မှော်နှင့် ပင်လယ်ရေညှိ

        ၎င်းအစားအစာတွေမှာ အိုင်အိုဒင်းဓာတ်မြင့်မားစွာပါဝင်တာကြောင့် သိုင်းရွိုက်ဂလင်းကို ထိခိုက်စေနိုင်တဲ့အတွက် မစားသုံးသင့်ဘူးလို့ကြားဖူးကြပေလိမ့်မယ်။

          ဒါပေမယ့် အချို့သောကျွမ်းကျင်ပညာရှင်တွေက ဒါကိုသဘောမတူကြပါဘူး။ အချို့ရေညှိအချိုးအစားတွေ (nori, wakame, hijiki) ဟာ ကျန်းမာရေးအတွက်သင့်တော်ပါတယ်။ ဒါပေမယ့် ပင်လယ်မှော်မှာတော့ အိုင်အိုဒင်းဓာတ်အများအပြား ပါဝင်တာကြောင့် သတိပြု၍စားသောက်သင့်ပါတယ်။ အရေးအကြီးဆုံးကတော့ ဘယ်အရာမှ အလွန်အကျွံမစားသုံးသင့်ပါဘူး။

ကိုက်လန်၊ အစိမ်းရောင်ဂေါ်ဖီပန်း၊ ဟင်းနုနွယ်

        ဒီအစားအစာတွေဟာ အိုင်အိုဒင်းဓာတ်ပါဝင်ပေမယ့်လည်း ရှောင်ကြဉ်ရလောက်အောင်တော့ မမြင့်မားပါဘူး။ ဒါပေမယ့်လည်း အလွန်အကျွံစားသုံးပါကမူ အခြေအနေကို ဆိုးရွားစေနိုင်ပါတယ်။

ဖြည့်စွက်အာဟာရများ

        သိုင်းရွိုက်ဟော်မုန်းချို့တဲ့သောရောဂါကုသရာမှာ ဖြည့်စွက်အားဆေးတွေက အကူအညီပေးနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ တကယ်တော့ ဖြည့်စွက်အားဆေးတွေဟာ ကုသမှုကို အနှောင့်အယှက်ဖြစ်စေ၍ အန္တရာယ်တောင်ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် အိုင်အိုဒင်းဖြည့်စွက်စာတွေဟာ သိုင်းရွိုက်ကို ဟော်မုန်းထုတ်လုပ်မှု မမှန်မကန်ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်တွေ အလွန်များခြင်းဟာလည်း ခန္ဓာကိုယ်အတွက်မကောင်းပါဘူး။ အမျှင်ဓာတ်ပါတဲ့ဖြည့်စွက်အားဆေးတွေဟာ ဆေးတွေကိုစုပ်ယူနိုင်တာကြောင့် ခန္ဓာကိုယ်ကဆေးအာနိသင်ကို အပြည့်အဝမရတော့ပါဘူး။ ဆေးဖက်ဝင်အပင်တွေဟာလည်း ကုထုံးဆေးကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် သောက်သုံးဖို့ရာမှာလည်း အန္တရာယ်များလှပါတယ်။

          ဒါကြောင့် ဆရာဝန်နှင့်မတိုင်ပင်ဘဲ မည်သည့်ဆေးမှ မသောက်သုံးသင့်ပါ။

Dr. Thinzar Wynn

www.drmyanmar.com