သိုင်းရွိုက်ဟော်မုန်း နည်းတဲ့အခါ
သိုင်းရွိုက်ဟော်မုန်းဆိုတာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်အသုံးပြုမှု၊ ကြီးထွားမှုနဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် အရေးပါပါတဲ့ဟော်မုန်းတစ်မျိုးပါ။ သိုင်းရွိုက်ဟော်မုန်းပမာဏ နည်းလာများလာရင် ပြဿနာဖြစ်တော့တာပါပဲ။ သိုင်းရွိုက်ပြဿနာဟာလည်း အင်မတန်အဖြစ်များပြီး အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းပမာဏ နည်းလာတဲ့အခါ ဇီဝကမ္မဖြစ်စဉ်နဲ့ ကြီးထွားမှုကို နှောင့်နှေးသွားစေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအတော်များများကို ထိခိုက်လာနိုင်ပါတယ်။
>> သိုင်းရွိုက်ဓာတ် အားနည်းတယ်ဆိုတာ ဘာလဲ?
သိုင်းရွိုက်ဂလင်းဆိုတာ လေပြွန်ရှေ့မှာရှိတဲ့ လိပ်ပြာသဏ္ဌာန် ဂလင်းငယ်လေးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ကြီးထွားမှုနဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် အရေးပါတဲ့ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လွှတ်ပါတယ်။
ဒီလို သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်နိုင်ဖို့ လှုံ့ဆော်ပေးတဲ့ သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်းကို ဦးခေါင်းအလယ်ရှိ pituitary ဂလင်းလို့ခေါ်တဲ့ ဂလင်းလေးကနေ ထုတ်ပေးပါတယ်။ သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်းက တိုက်တွန်းသော်ငြား သိုင်းရွိုက်ဟော်မုန်း မထုတ်နိုင်ခဲ့ရင် သိုင်းရွိုက်ဂလင်းကိုယ်နှိုက်က ပျက်နေတာဖြစ်ပြီး သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်းအထွက်နည်းတာကြောင့်လည်း သိုင်းရွိုက်အားနည်းတာဖြစ်နိုင်ပါတယ်။
ဘာကြောင့်ပဲအားနည်းနည်း သိုင်းရွိုက်အားနည်းတဲ့လက္ခဏာတွေကတော့ -
၁။ အားနည်းပြီးနုံးနေခြင်း
သိုင်းရွိုက်ဟော်မုန်းဆိုတာ စွမ်းအင်နဲ့ဇီဝကမ္မဖြစ်စဉ်တွေအတွက် ဓာတ်ဆီသဖွယ်ဖြစ်နေတာမို့ သိုင်းရွိုက်ဓာတ် များနေသူတွေဟာ အမြဲအလန့်တကြားထိတ်လန့်၊ ဂဏာမငြိမ်ဖြစ်နေတတ်ပြီး၊ သိုင်းရွိုက်ဓာတ် အားနည်းနေရင်တော့ နုံးချိအားနည်းပြီး လေးကန်နေတတ်ပါတယ်။ လေ့လာမှုတွေအရ သိုင်းရွိုက်အားနည်းသူတွေဟာ သာမန်ထက်ကို ပိုအိပ်နေတတ်ပြီး အိပ်ကားအိပ်၊ အိပ်ရေးမဝ ဖြစ်နေတတ်တာကို တွေ့ရပါတယ်။
၂။ ကိုယ်အလေးချိန်တိုးခြင်း
သိုင်းရွိုက်အားနည်းလာတဲ့အခါ ပိုစားဖို့ကိုအားပေးပြီး အသည်း၊ ကြွက်သားတွေနဲ့ အဆီတစ်ရှူးတွေမှာ ကယ်လိုရီတွေကို မလောင်ကျွမ်းစေဘဲ သိုလှောင်စေပါတယ်။ ဒါကြောင့် နားနေစဉ် အသုံးပြုတဲ့ ဇီဝကမ္မလောင်စာပမာဏ လျော့နည်းသွားပြီး အဆီတွေ တရိပ်ရိပ်တိုးလာတော့တာပေါ့။ ဒါကြောင့် ပုံမှန်ပဲစားနေလျက်နဲ့၊ လေ့ကျင့်ခန်းတွေလုပ်နေလျက်နဲ့ ဝဝလာတယ်ဆိုရင် သိုင်းရွိုက်အားနည်းနေသလား စဉ်းစားဖို့ လိုလာပါပြီ။
၃။ အအေးမခံနိုင်ခြင်း
ကယ်လိုရီတွေ လောင်ကျွမ်းတဲ့အခါ အပူတွေထွက်လာပါတယ်။ ဘာမှမလုပ်ဘဲထိုင်နေရင်တောင်မှ အခြေခံဇီဝကမ္မ လုပ်ငန်းဆောင်တာတွေကြောင့် ကယ်လိုရီလောင်ကျွမ်းမှုက ရှိနေပါတယ်။ ဒါပေမယ့် သိုင်းရွိုက်အားနည်းတဲ့အခါ အခြေခံဇီဝကမ္မလုပ်ငန်း နှေးကွေးသွားပြီး ပုံမှန်ထက်ကို ပိုပြီးတော ့အေးလာတတ်ပါတယ်။
၄။ ကြွက်သားနဲ့ အဆစ်အမြစ်တွေ အားနည်းကိုက်ခဲလာခြင်း
သိုင်းရွိုက်အားနည်းတဲ့အခါ ဇီဝကမ္မဖြစ်စဉ်ဟာ ဖြိုခွဲတဲ့ဘက်ကိုဦးတည်လာပြီး တစ်သျှူးတွေ၊ ကွက်သားတွေကို ဖြိုခွဲပါတော့တယ်။ ဒါကြောင့် ကြွက်သားတွေအားနည်းလာတဲ့အပြင် နာကျင်ကိုက်ခဲလာပါတော့တယ်။ လူတိုင်း ရံဖန်ရံခါ နုံးချိကိုက်ခဲတတ်ပေမယ့် သိုင်းရွိုက်အားနည်းတဲ့အခါ သာမန်လူထက်ကို ၂ ဆလောက်ပိုပြီး အားနည်းတတ်ပါတယ်။
၅။ ဆံပင်ကျွတ်ခြင်း
ဆံပင်ဆိုတာ အင်မတန်မှ သက်တန်းတိုတဲ့ ပင်မဆဲလ်အမျိုးအစားပါ။ ဒါကြောင့်လည်း သိုင်းရွိုက်ဟော်မုန်းဓာတ်ကို ပိုခံစားရတတ်ပါတယ်။
သိုင်းရွိုက်ဓာတ်အားနည်းတဲ့အခါ ဆံပင်အမြစ်တွေက ဆက်ပြီးမကြီးထွားတော့ဘဲ ဆံပင်ကျွတ်တော့တာပါပဲ။ တခြားဟော်မုန်းပြဿနာတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်တာမို့ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ လိုပါတယ်။
၆။ အသားတွေ ခြောက်သွေ့ယားယံခြင်း
ဆံပင်တွေလိုပဲ အရေပြားဟာလည်း ဖြစ်ပျက်မြန်ပါတယ်။ ဒါကြောင့် သိုင်းရွိုက်ရဲ့အချက်ပြသံ လိုအပ်ပါတယ်။ သိုင်းရွိုက်အားနည်းလာတဲ့အခါ အရေပြားဆဲလ်အပေါ်ယံလွှာ မကြွေကျနိုင်ဘဲ ခြောက်သွေ့ပျက်စီးလာပါတော့တယ်။ ဒါကြောင့် ဓာတ်မတည့်တာကြောင့်မဟုတ်ဘဲ အရေပြားပျက်စီးလာတာကို တွေ့ရရင် သိုင်းရွိုက်အားနည်းတာကို သတိထားဖို့လိုပါတယ်။
ဒါ့အပြင် သိုင်းရွိုက်အားနည်းတာဟာ အရေပြားမှာ ရောင်ရမ်းနီရဲတဲ့အခြေအနေမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။
၇။ စိတ်ဓာတ်ကျခြင်း
လေ့လာမှုတွေအရ သိုင်းရွိုက်ဟော်မုန်းအားနည်းခြင်းကြောင့် စိတ်ဓာတ်ကျနိုင်ပါတယ်။ မီးတွင်းကာလ စိတ်ကျဝေဒနာ ခံစားအမျိုးသမီးတွေမှာ သိုင်းရွိုက်အားနည်းနေတာကို တွေ့ရပါတယ်။
ဘာကြောင့်ပဲစိတ်ဓာတ်ကျကျ ဆရာဝန်နဲ့ ပြသတိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။
၈။ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှု အားနည်းခြင်း
သိုင်းရွိုက်အားနည်းတဲ့လူ အတော်များများမှာ မှတ်ဉာဏ်တွေဝေဝါးပြီး အာရုံစူးစိုက်မှုအားနည်းတာကို တွေ့နိုင်ပါတယ်။ လေ့လာမှုတွေအရ သာမန်သမားရိုးကျ အတွက်အချက်မလုပ်နိုင်တာ၊ ပုံမှန်ထက်တွေးခေါ်မှု နှေးကွေးတာ၊ မှတ်ဉာဏ်မကောင်းတာတွေကို တွေ့ရပါတယ်။ လူတိုင်းမှာ ဒီလက္ခဏာတွေဖြစ်နိုင်ပေမယ့် ရုတ်တရက်ကြီး ဖြစ်လာရင်၊ အရမ်းဆိုးလာရင် သတိထားဖို့ လိုပါတယ်။
၉။ ဝမ်းချုပ်ခြင်း
သိုင်းရွိုက်ဓာတ်နည်းခြင်းကြောင့် အူမကြီး အလုပ်လုပ်တာပါ နှေးကွေးသွားပါတယ်။ သိုင်းရွိုက်ဓာတ်နည်းနေသူတွေမှာ ဝမ်းချုပ်လေ့ရှိတယ်ဆိုပေမယ့် ဒီတစ်ခုတည်းနဲ့မလာတတ်သလို အရမ်းလည်း မဆိုးတတ်ပါဘူး။ တခြားဘာလက္ခဏာမှမရှိဘဲ ဝမ်းချုပ်တာ တစ်ခုတည်းရှိနေရင် ဝမ်းနှုတ်ဆေးသာ သောက်ကြည့်ပါ။ မသက်သာရင်တော့ ဆရာဝန်နဲ့သာ ပြကြည့်ပါ။
၁၀။ ရာသီများခြင်း၊ မမှန်ခြင်း
လေ့လာမှုတွေအရ သိုင်းရွိုက်အားနည်းသူတွေမှာ ဓမ္မတာမမှန်တာ၊ များတာတွေ ခံစားရတတ်တယ်လို့ ဆိုပါတယ်။ သိုင်းရွိုက်ဟော်မုန်းဟာ ဓမ္မတာစက်ဝန်းကို ထိန်းချုပ်ထားတဲ့ တခြားဟော်မုန်းတွေနဲ့ ချိတ်ဆက်အလုပ်လုပ်တာမို့ သိုင်းရွိုက်ပုံမမှန်တဲ့အခါ အချက်ပေးတာတွေ ပြတ်တောက်သွားတာပေါ့။ ဒါပေမယ့် ရာသီမမှန်တာ၊ များတာဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေ အများကြီးရှိတာမို့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြဖို့လိုပါတယ်။
>> နောက်ဆုံးပြောချင်တာက -
သိုင်းရွိုက်အားနည်းတာဟာ ဖြစ်လေ့ရှိတဲ့လက္ခဏာတစ်ခုဖြစ်ပြီး သူ့ရဲ့လက္ခဏာတွေဟာ တခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက္ခဏာအတော်များများကို တစ်စုတစ်ဝေး တွေ့လာရပြီဆိုရင် ဆရာဝန်နဲ့ပြကြည့်ပါ။ ကံကောင်းတာက သိုင်းရွိုက်အားနည်းတာဟာ ဈေးမကြီးတဲ့ဆေးတွေနဲ့တင် ကုသပျောက်ကင်းနိုင်တာပါပဲ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























