သိုင်း(လ်)ရွိက်ဂလင်း၏ တိတ်တဆိတ် အချက်ပြမှုများ
ဒီတစ်ခေါက်တော့ လူသားတို့၏ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်တဲ့ အရေးပါတဲ့ သိုင်းရွိုက်ဂလင်းအကြောင်း ကို ပြောပြလိုပါတယ်။ လည်ပင်းထဲမှာတည်ရှိတဲ့ လိပ်ပြာပုံသဏ္႑ာန် Thyroid gland (သိုင်းရွိုက်ဂလင်း) ဟာ ဟော်မုန်းပညာရှင်အများစုရဲ့ စိတ်၀င်စားမှုကိုခံရတဲ့ အရေးကြီးလူ့ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ အဆိုပါဂလင်းမှာ ရောဂါ (သို့) ပြဿနာ ရှိလာပါက အောက်ပါအချက်တွေကိုကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။
1. အိပ်စက်မှုပြောင်းသွားခြင်း (အိပ်ချိန်ပြောင်းသွားခြင်း)
အကယ်၍ သင်ဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တတ်သူတစ်ယောက်ဖြစ်သော်လည်း ရုတ်တရက် အိပ်စက်၍မရနိုင်ပါက သိုင်းရွိုက်ဂလင်းတွင် ပြဿနာဖြစ်နေပါပြီ။ ဟော်မုန်းများကို လွန်လွန်ကဲကဲ ထုတ်လုပ် မှုကြောင့် အဓိကအာရုံကြောအဖွဲ့အစည်းကို လွန်မင်းစွာလှုံ့ဆော်ပြီး အိပ်မပျော်သောရောဂါ ကိုဖြစ်ပွားစေပါတယ်။
အကယ်၍ သင်ဟာတစ်ညလုံးအိပ်စက်ပြီး မနက်ရောက်သော်လည်း ပင်ပန်းမြဲပင်ပန်းနေပါက သင်ဟာသိုင်းရွိုက်ဟော်မုန်း ချွတ်ယွင်းနေတာ ဖြစ်နိုင်ပါတယ်။ နေ့ခင်းပိုင်းတွင် တစ်ရေးတစ်မောအိပ်ရန် လွန်ကဲစွာဆန္ဒပြင်းပြခြင်းကိုလည်း ဟော်မုန်းနည်းပါးချို့ယွင်းသူတွေမှာ တွေ့ရပါတယ်။
2. စိတ်လှုပ်ရှား ရှုပ်ထွေးမှုဖြစ်ပွားခြင်း
အကယ်၍သင်ဟာ စိတ်လှုပ်ရှားပူပန်မှုကို ဖြစ်လေ့ဖြစ်ထရှိသည့် လူတစ်ယောက်မဟုတ်ဘဲ ပုံမှန်ထက်ပို၍ စိတ်လှုပ်ရှားမှု၊ စိတ်ရှုပ်ထွေးမှုဖြစ်နေပါက သိုင်းရွိုက်တွင်နဂိုမူလထက် ပိုမိုလှုပ်ရှားမှုဖြစ်နေပါပြီ။ သိုင်းရွိုက်ဟော်မုန်းများပြားခြင်းဟာ လူနာများအား စိတ်ပူပန်မှုကို အကြောင်းတစ်စုံတရာမရှိပဲ ခံစားရစေပါတယ်။
3. ဦးနှောက်ထိုင်းမှိုင်းခြင်း/ဂဏှာမငြိမ်ဖြစ်ခြင်း
၎င်းဟော်မုန်း မမှန်ကန်စွာထုတ်လုပ်ပါက ဦးနှောက်မှတ်ဉာဏ်စွမ်းရည်ကိုပါ ကျဆင်းစေပြီး စိတ်ပင်ပန်းထိုင်းမှိုင်းမှုပါ ဖြစ်ပေါ်စေပါတယ်။
ထို့အတူ ၄င်းဟော်မုန်းလွန်ကဲစွာ ထုတ်လုပ်သူများတွင် ဂဏှာမငြိမ်၊ အာရုံစူးစိုက်ရန် ခက်ခဲသောရောဂါများကိုပါ ဖြစ်ပေါ်စေပါတယ်။
4. ချေွးထွက်များခြင်း
ချေွးထွက်အလွန်အမင်းများခြင်းဟာ သိုင်းရွိုက်ဂလင်းလွန်ကဲစွာလှုပ်ရှားခြင်းရဲ့ အချက်ပြချက်ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့စွမ်းအင်ကို လွန်ကဲစွာထုတ်လုပ်ခြင်းကြောင့်ဖြစ်ပါတယ်။ ပုံမှန်ထက်ပိုထုတ်တဲ့ ဟော်မုန်းတွေကြောင့် ခန္ဓာကိုယ်ဟာ အလွန်ပူနွေးလာပြီး ချေွးထွက်လာခြင်းဖြစ်ပါတယ်။
5. နှလုံးခုန်မြန်ခြင်း
အဆိုပါ ဟော်မုန်းများသူများတွင် ကော်ဖီအလွန်အကျွံသောက်ထားသကဲ့သို့ နှလုံးခုန်မြန်ခြင်း ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
6. ကိုယ်အလေးချိန်ပြောင်းလဲခြင်း
အကယ်၍ သင်ဟာအစားအသောက် စားသုံးမှုကိုလည်း မလွန်ကဲစေပဲ ကိုယ်အလေးချိန်တိုး လာလျှင် အဆိုပါဟော်မုန်း ချွတ်ယွင်းနေသောကြောင့်ဖြစ်နိုင်ပါတယ်။
အစားများပြီးပိန်လာပြီဆိုရင်လည်း ၄င်းဟော်မုန်းလွန်ကဲမှု ရှိ/မရှိ စစ်ဆေးသင့်ပါတယ်။
7. အူတွင်းလှုပ်ရှားမှုပြောင်းလဲခြင်း
၀မ်းမကြာခဏချုပ်ခြင်းဟာ ဂလင်း၏နှေးကွေးစွာအလုပ်လုပ်ခြင်းကို ပြသပါတယ်။ သိုင်းရွိုက်ဟော်မုန်းဟာဆိုရင် အူလှုပ်ရှားမှုကို ထိန်းချုပ်ပါတယ်။ ဟော်မုန်းနည်းနေပါက ၀မ်းချုပ်ခြင်းကိုဖြစ်စေပြီး များပါက၀မ်းလျှောခြင်းကိုခံစားရစေနိုင်ပါတယ်။
8. ဆံပင်ပါးခြင်း
ဟော်မုန်းများခြင်းနှင့် နည်းခြင်းဟာ ဆံပင်ပါးခြင်းကိိုဖြစ်ပွားစေပါတယ်။
9. အမျိုးသမီးများတွင် ဓမ္မတာမမှန်ခြင်း
ဓမ္မတာနည်းလွန်းခြင်း၊ များလွန်းခြင်းမှာလည်း ၎င်းဟော်မုန်းကြောင့်ဖြစ်တတ်ပါတယ်။
10. မျိုးဥမအောင်ခြင်း၊ ကလေးမရနိုင်ခြင်း
အမျိုးသမီးများတွင် မျိုးပွားမှုဆိုင်ရာပြဿနာကို မျိုးရိုးစဉ်ဆက်မတွေ့ရှိရပဲ မိမိ၏သားဦးကိုယ်၀န် ပျက်ကျခြင်းဖြစ်ပါကသိုင်းရွိုက်ဂလင်း၏ ဟော်မုန်းချို့ယွင်းနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ထိုကြောင့် သိုင်းရွိုက်ရောဂါရှိပါက ကိုယ်၀န်ဆောင်ခြင်းအောင်မြင်ပြီး ကောင်းမွန်စွာမွေးဖွားနိုင်ရန် ဟော်မုန်းဆေး များသောက်သုံးဖို့လိုအပ်ပါတယ် ။
11. ကလေးများတွင် ဖွ့ံဖြိုးမှုနှေးကွေးခြင်း
သိုင်းရွိုက်ပြဿနာများသည် ကလေးများတွင်ပိုမိုတွေ့နိုင်ပြီး ပိုပြီးလည်းရှာဖွေရခက်ခဲတတ်ပါတယ်။ အကယ်၍ သင့်ကလေးဟာ ကြွက်သားနာကျင်မှုရှိပြီး အလွန်အမင်းခုန်ပေါက်ကာ တစ်စုံတစ်ရာကို အာရုံစူးစိုက်နိုင်စွမ်း မရှိတာ၊ ဖွံ့ဖြိုးမှုနှေးကွေးတာရှိပါက အဆိုပါ ဟော်မုန်းအားနည်းးခြင်းကြောင့်ဖြစ်နိုင်တဲ့ အတွက် သေသေချာချာစစ်ဆေးသင့်ပါတယ်။
ကုသခြင်း - သိုင်းရွိုက်ဟော်မုန်းနည်းခြင်းများခြင်းကို လွယ်ကူစွာကုသနိုင်ပါတယ်။ သိုင်းရွိက်ဟော်မုန်း များခြင်းအတွက် ဆရာ၀န်ညွှန်ကြားသည့်ဆေးကို ပုံမှန်သောက်သင့်ပါတယ်။ ဟော်မုန်းပုံမှန်အခြေအနေရောက် ပါက ဆေးဆက်မသောက်ပဲနေနိုင်ပါတယ်။ သို့သော် ကုသခြင်းမရှိပဲ ကြာရှည်စွာထားပါက ခွဲစိတ်ပြီး ဖြတ်တောက်ဖို့လိုအပ်လာနိုင်ပါတယ်။
ချို့ယွင်းအားနည်းနေသော သိုင်းရွိုက်ဂလင်းများအတွက်ကို သိုင်းရွိုက်ဟော်မုန်းနှင့်အလားတူ ဟော်မုန်း တစ်မျိုးဖြစ်တဲ့ လီဗို(လ်)သိုင်းရော့ဆင် (levothyroxine) ဟော်မုန်းကိုပေးပြီး ကုသပေးနိုင်ပါတယ်။
အရေးကြီးသောသိုင်းရွိုက်ဂလင်းရဲ့ ရောဂါလက္ခဏာတွေအကြောင်းသိရှိပြီး မိမိကိုယ်တိုင်နှင့် ပတ်၀န်းကျင်ကို ကူညီနိုင်ဖို့ဆန္ဒပြုပါတယ်။
Dr. WSN






























