/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သဲလိတ်လို့ခေါ်တဲ့-ပလတ်စတစ်ထဲ-ပါဝင်တဲ့-ဓာတုပစ္စည်းအကြောင်း

သဲလိတ်လို့ခေါ်တဲ့ ပလတ်စတစ်ထဲ ပါဝင်တဲ့ ဓာတုပစ္စည်းအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    ပလတ်စတစ်ကို လိုသလို ပုံသွင်းလို့ရပြီး ပျော့ပြောင်းအောင် စီမံထည့်သွင်းရတဲ့ “Phthalate” သဲလိတ်လို့ခေါ်တဲ့ ဓာတုပစ္စည်းအကြောင်း လေ့လာကြည့်ရအောင်။ ဒီဓာတုပစ္စည်းဟာ တကယ်တော့ သူတို့နဲ့ပေါင်းစပ်လိုက်တဲ့ ပလတ်စတစ်ခွက်တွေ၊ ဘူးတွေနဲ့ ဓာတုနည်းကျကျ ပေါင်းမသွားတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ လွင့်ပြယ်လာပြီး ထိစပ်နေတဲ့အရာဝတ္ထုတွေကို အဆိပ်သင့်စေပါတယ်။
    သဲလိတ်လို့ ခေါ်တဲ့ ဓာတုပစ္စည်းဟာ မျက်နှာပြင်တွေ ချောမွေ့ဖို့ အမွှေးနံ့တွေ တာရှည်ခံဖို့ အသားအရေ နူးညံ့စေဖို့ တာရှည်ခံပစ္စည်းအနေနဲ့ ထည့်သွင်းသလို ကွန်ပျူတာတွေ၊ အရုပ်တွေ၊ ကားအသုံးအဆောင်ပစ္စည်းတွေ ပလတ်စတစ်ခွက်၊ ဘူးနဲ့ ပရိဘောဂတွေ၊ နံရံကပ်စက္ကူတွေ ပလတ်စတစ် အသုံးအဆောင်ပေါင်းစုံမှာ အသုံးချပါတယ်။
    ပလတ်စတစ် ဓာတုပစ္စည်းဖြစ်တဲ့ သဲလိတ်ဟာ နေရာပေါင်းစုံမှာ အသုံးကျနေသလို အဓိက အများဆုံး ပလတ်စတစ်ဆိပ် သင့်နိုင်သူတွေကို ပြောပါဆိုရင် ကလေးတွေပဲ ဖြစ်ပါတယ်။
    ကလေးတစ်ယောက်ဟာ အရုပ်တွေ ကိုက်ဝါးလိုက်တဲ့အခါ ပါးစပ်နဲ့စုပ်တဲ့အခါ လျှာနဲ့လျက်တဲ့အခါ အရုပ်ကိုလုပ်ထားတဲ့ ပလတ်စတစ်ထဲက ဓာတုပစ္စည်း သဲလိတ်ဟာ ကလေးငယ်နဲ့ ခန္ဓာကိုယ်ထဲကို ပြန့်ဝင်ရောက်ရှိသွားပါတယ်။
    သဲလိတ်ဓာတုပစ္စည်းကို မွှေးရနံ့ ထည့်သွင်းထားတဲ့ အလှကုန်တွေမှာ ထည့်သွင်းဖျော်စပ်ပါတယ်။ အမွှေးနံ့တွေ တာရှည်ခံဖို့. စိမ့်ဝင်နိုင်စွမ်းကောင်းမွန်လာဖို့ စုပ်ယူအားကောင်းဖို့ ရည်ရွယ် ထည့်သွင်းတာ ဖြစ်ပါတယ်။ ဒါကြောင့် ပေါင်ဒါဘူး၊ ရေမွှေး၊ လိုးရှင်း၊ ခရင်မ်တွေ၊ ဆံပင်ဖြန်းဆေး၊ ပေါင်းတင်ဆေး၊ ချွေးနံ့ပျောက်ဆေးတွေမှာ အထွေထွေ ထည့်သွင်းအသုံးပြုနေပါတယ်။
    အထွေထွေ လူသုံးကုန်တွေရဲ့ သုံးပုံတပုံမှာ သဲလိတ်ဓာတုပစ္စည်းတွေ ပါဝင်နေပြီး အမျိုးသမီးတွေမှာ သဲလိတ်ပမာဏ အများဆုံး တွေ့နေရပါတယ်။
    ဒါ့အပြင် ဆေးရုံသုံးပစ္စည်းတွေမှာလည်း ဒီဓာတုပစ္စည်းနဲ့ မကင်းတာမို့ နေရာတိုင်းမှာ သူရှိနေပါတယ်။

>>    သဲလိတ်ဓာတုပစ္စည်းကို ဆေးပညာရှင်တွေ ဘာကြောင့်ကြောက်ကြတာလဲ?
    စမ်းသပ်ချက်သုတေသနတွေအရ သဲလိတ်ဓာတုပစ္စည်းဟာ မွေးဖွားလာမယ့် သန္ဓေသားလေးတွေ မွေးကင်းစကျန်းမာရေးနဲ့ မျိုးအောင်နိုင်စွမ်းတွေကို အဆင့်ဆင့် ဒုက္ခပေးနိုင်နေပါတယ်။ ဒါ့အပြင် ပန်းနာရင်ကြပ်ရောဂါနဲ့ ဆက်စပ်မှုတွေ အဝလွန်တာတွေနဲ့ အရွယ်ရောက်တာကို ဘယ်လိုလွှမ်းမိုးမှုရှိလဲ ရှာဖွေနေကြပါပြီ။

>>    ဒီဓာတုပစ္စည်းအန္တရာယ်ကို ဝေးဝေးထားနိုင်ဖို့ ...
●    နုနယ်ငယ်ရွယ်တဲ့ ကလေးတွေကို ဘေဘီပေါင်ဒါတွေ၊ လိုးရှင်းတွေ မလိုအပ်ရင် မသုံးစေချင်ပါဘူး။
●    အလှကုန်တွေကို ရွေးချယ်တဲ့အခါ အနံ့ကင်းတာလေးတွေက သဲလိတ်ဓာတုပစ္စည်းပါဝင်မှု နည်းတတ်ပါတယ်။ အညွန်းကို သေချာဖတ်ပါ။ Phthalate free  သို့မဟုတ် Fragrance free လို့ ရေးထားတာကို ရွေးချယ်ဝယ်ယူပါ။
●    ပလတ်စတစ် အသုံးအဆောင်တွေအစား မီးဖိုချောင် ပန်းကန်ခွက်ယောက်တွေမှာ  ဖန်နဲ့ စတီးတွေကို တဖြည်းဖြည်း အစားထိုး သုံးစွဲသင့်ပါပြီ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)