သွားကျဉ်နေရင်
သွားကျဉ်တယ်ဆိုတာ တိုတောင်းစူးရှပြီး ခံရခက်တဲ့ဝေဒနာတစ်ခု ဖြစ်ပါတယ်။ ပူလွန်း၊ အေးလွန်းတဲ့အစားအစာ၊ အက်ဆစ်ဓာတ်လွန်ကဲ့တဲ့ အစားအစာတွေက သွားကျဉ်ခြင်းကို ဖြစ်စေပါတယ်။ သွားကျဉ်ဝေဒနာကို ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာလျော့ပါးအောင် ပြုလုပ်လို့ရပါသလဲ။
Alaxan IA (1)
1. အက်ဆစ်ဓာတ်လွန်ကဲတဲ့ အစားအစာတွေကို ရှောင်ရှားပါ
သွားကျဉ်ဝေဒနာခံစားရတဲ့လူတွေဟာ အက်ဆစ်ဓာတ် ပါဝင်မှုနည်းတဲ့ အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ အစားအစာတွေမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က အပေါ်ယံကြွေလွှာကို တိုက်စားပစ်လိုက်တာကြောင့် သွားကျဉ်တဲ့ဝေဒနာကို ပိုမိုခံစားရနိုင်ပါတယ်။ ဒါကြောင့် အချဉ်ဓာတ်ကဲသော အစားအစာ ဒါမှမဟုတ် အက်ဆစ်ဓာတ်လွန်ကဲတဲ့ အစားအသောက်တွေကို စားသောက်ပြီးပါက မိနစ် 20 အကြာမှာ သွားတိုက်ပေးပါ။ အစာစားပြီးချင်း သွားတိုက်ခြင်းက အက်ဆစ်ဓာတ်ကို ပိုမိုထွက်ရှိစေတာကြောင့် မိနစ် 20 အကြာမှသာ သွားတိုက်ပေးပါ။
2. သွားကျဉ်ခြင်းအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ သွားတိုက်ဆေးကိုသာ ရွေးချယ်အသုံးပြုပါ
အခုအခါမှာ သွားကျဉ်တဲ့လူတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ သွားကျန်းမာရေးနှင့် ဆက်စပ်ပစ္စည်းတွေကို အလွယ်တကူရရှိနေနိုင်ပြီ ဖြစ်ပါတယ်။ ၎င်းပစ္စည်းတွေမှာ ပိုတက်စီယမ်နိုက်ထရိတ် (Potassium nitrate) ပါဝင်တာကြောင့် သွားအပေါ်မှာ အလွှာတစ်ခုကို ဖန်တီးပေးပြီး သွားကျဉ်ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။
3. ဝေဒနာကို ကြိတ်ခံမနေဘဲ ဆရာဝန်နှင့် တိုင်ပင်ပြသပါ
အချို့သောလူတွေက လေအေးတိုက်ရင်တောင် သွားကျဉ်နေတတ်ပါတယ်။ သွားကျဉ်ခြင်းကို သက်သာစေတဲ့ သွားတိုက်ဆေးနဲ့ မသက်သာဘူးဆိုရင်တော့ ဝေဒနာကို ကြိတ်မခံစားဘဲ သွားဆရာဝန်နှင့်ပြသပါ။
Alaxan IA (2)
4. သွားဖုံးကို ဂရုစိုက်ပါ
အချို့သောသွားကျဉ်ခြင်းတွေက သွားဖုံးများ ပွန်းပဲ့လာခြင်းကြောင့် ဖြစ်ပါတယ်။ သွားတိုက်ရာမှာ သွားတိုက်တံဖြင့် ခပ်ကြမ်းကြမ်းတိုက်ခြင်း ဒါမှမဟုတ် သွားဖုံးရောဂါများကြောင့်ဖြစ်စေ သွားဖုံးပွန်းပဲ့လာကာ သွားကြွေလွှာများ ပျက်စီးလာခြင်းကြောင့် သွားကျဉ်ခြင်းများ ဖြစ်ပေါ်လာပါတယ်။
5. သွားတိုက်တဲ့ပုံစံ ပြောင်းလဲပစ်ပါ
သွားတိုက်တဲ့အချိန်မှာ အပေါ်ကနေအောက်ကိုဆွဲချပြီး ညင်ညင်သာသာ တိုက်ပေးပါ။ သွားကိုဖိပြီး ခပ်ကြမ်းကြမ်းတိုက်ခြင်းက သွားကျဉ်ခြင်းကို ဖြစ်ပေါ်စေတာကြောင့် သွားတိုက်တဲ့ပုံစံကို ပြောင်းလဲကြည့်လိုက်ပါ။ သိသာထင်ရှားတဲ့ရလဒ်ကို တွေ့မြင်ရနိုင်ပါတယ်။
6. သွားကျိတ်တဲ့အကျင့်ကို ပြုပြင်ပါ
လူတွေက စိတ်ဖိစီးမှုများတဲ့အခါမှာဖြစ်စေ၊ မေးရိုးဆိုင်ရာပြဿနာတစ်ခုခုရှိနေရင် သွားကြိတ်လေ့ရှိပါတယ်။ သွားကြိတ်ခြင်းကြောင့် ကြွေလွှာများ ပျက်ဆီးနိုင်တာကြောင့် မိမိမှာ သွားကြိတ်တဲ့အလေ့အကျင့်ရှိပါက သွားဆရာဝန်နဲ့ ပြသပြီး လိုအပ်သည်များကို လိုက်နာသင့်ပါတယ်။ (ဥပမာ - mouth guard အသုံးပြုခြင်း)
Dr. Htet Htet Aung (www.drmyanmar.com)






























