သွားဖုံးရောဂါဆိုတာ
ဘက်တီးရီးယားပိုးတွေပါတဲ့ စီးကပ်ကပ်အဖတ်တွေဖြစ်တဲ့ သွားချေးတွေ သွားဖုံးအောက်နဲ့ သွားဖုံးတစ်လျှောက်မှာ ကပ်ငြိလာပြီဆိုရင်တော့ သွားဖုံးရောဂါတွေရဲ့အစပဲ ဖြစ်ပါတယ်။ ဒါတွေက သွားဖုံးနဲ့ အရိုးတွေကို ထိခိုက်နာကျင်စေတဲ့ ရောဂါပိုးတွေကို ဝင်ရောက်စေပြီး သွားဖုံးရောဂါနဲ့ သွားပိုးစားခြငး်တွေကို ဖြစ်စေပါတယ်။ ဒီသွားချေးတွေက သွားဖုံးရောင်ခြင်းကိုလည်း ဖြစ်စေပါတယ်။ သွားဖုံးရောင်ရင် သွားဖုံးရောင်ခြင်း၊ နာခြင်း၊ နီခြင်း၊ သွေးထွက်လွယ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ အရိုးနဲ့ သွားစိုက်တဲ့နေရာက တစ်သျှူးတွေကို ထိခိုက်မှုမရှိဘဲ သွားဖုံးရောင်တာသက်သက်ပဲ ဆိုရင်တော့ လုံးဝပြန်ကောင်းနိုင်ပါတယ်။
သွားဖုံးရောဂါ ပိုဆိုးလာရင် သွားဖုံးအောက်ကအရိုးကို ထိလာပါတယ်။ မကုဘဲထားမယ်ဆိုရင် သွားဖုံး၊ သွား၊ သွားနဲ့ သွားဖုံးကြား ဆက်ထားတဲ့တစ်သျှူးတွေကို ပျက်စီးစေပါတယ်။ သွားဖုံးရောဂါရဲ့ နောက်ဆုံးအဆင့်ကတော့ သွားကို ထောက်ပံ့ပေးထားတဲ့ အရိုးနဲ့အမျှင်တွေ ပျက်စီးသွားခြင်း ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အစာဝါးလို့မရတော့ဘဲ သွားနှုတ်ပစ်ဖို့ လိုပါတယ်။
အမေရိကန် သွားဘက်ဆိုင်ရာအဖွဲ့ရဲ့ အဆိုအရ သွားဖုံးရောဂါ လက္ခဏာများမှာ -
• အမြဲတစေ ခံတွင်းနံ့ မကောင်းခြင်း
• သွားများ နဲ့ခြင်း၊ ကျဲခြင်း
• သွားဖုံး သွေးထွက်လွယ်ခြင်း
• သွားဖုံးရောင်ခြင်း၊ နီခြင်း၊ နာခြင်း
• သွားဖုံးခွက်နေခြင်း တို့ဖြစ်ကြပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























