သွေးကင်ဆာ အမျိုးမျိုးအကြောင်း
ကျွန်ုပ်တို့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးကို အရည် (liquid) နဲ့ အစိုင်အခဲ (Solid) ဆိုပြီး နှစ်ပိုင်း ခွဲကြည့်မယ်ဆိုရင် အရည်ပိုင်းမှာ သွေးရည်ကြည် ပါ၀င်မှာဖြစ်ပြီး အစိုင်အခဲပိုင်းမှာတော့ သွေးဖြူဥ၊ သွေးနီဥနဲ့ သွေးဥမွှားတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ ကင်ဆာဖြစ်ပြီဆိုရင် သွေးဖြူဥ၊ သွေးနီဥနှင့် သွေးဥမွှားတွေရဲ့ ပုံမှန်လုပ်ငန်း လုပ်ဆောင်ချက်တွေ ပျက်ယွင်းလာပါတယ်။ ရောဂါအမျိုးအစားပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေ ကွဲပြားပါတယ်။ အဖြစ်များတဲ့ သွေးကင်ဆာတွေကို ဖော်ပြပေးလိုက်ပါတယ်။
>> သွေးဖြူဥကင်ဆာ (Laukemia)
ရိုးတွင်းခြင်ဆီကနေ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားဆိုပြီး သွေးဆဲလ်သုံးမျိုးကို ထုတ်ပေးပါတယ်။ အဲဒီအထဲမှာ သွေးဖြူဥက ရောဂါပိုးမွှားတွေကို တိုက်ထုတ်တဲ့တာ၀န်ကို ယူထားပါတယ်။ ရိုးတွင်းခြင်ဆီကနေ ထုတ်ပေးပြီး ရိုးတွင်းခြင်ဆီမှာပဲ ကင်ဆာဆဲလ်တွေ အစပြုတာ ဖြစ်ပါတယ်။ သွေးဖြူဥကင်ဆာဖြစ်ပြီဆိုရင် ရောဂါတွေကို ကာကွယ်တိုက်ဖျက်နိုင်စွမ်း ကျလာမှာ ဖြစ်ပါတယ်။ ကင်ဆာဆဲလ်တွေက ပုံမှန်သွေးဆဲလ် အကောင်းတွေရဲ့ ကြီးထွားမှုနဲ့ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေတာကြောင့် ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။
Acute (ရုတ်တရက်) နဲ့ Chronic (နာတာရှည်) ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အချိန်ကာလပေါ် မူတည်ပါတယ်။ ကင်ဆာဆဲလ်တွေ အလျင်အမြန် ပွားလာပြီး ရောဂါလက္ခဏာတွေ ရုတ်တရက် ပေါ်လာတဲ့ အမျိုးအစားက ကလေးတွေမှာ အဖြစ်များပါတယ်။
Chronic (နာတာရှည်) ဆိုတဲ့အတိုင်းပဲ ကင်ဆာဆဲလ်တွေက တဖြည်းဖြည်း ပွားလာပြီး အချိန်ကြာလာမှ ရောဂါလက္ခဏာပြတာ ဖြစ်ပါတယ်။ တစ်ခါတလေ သွေးစစ်ကြည့်မှ သွေးကင်ဆာ ဖြစ်နေမှန်း သိရတာမျိုး ဖြစ်နေတတ်ပါတယ်။
>> ရောဂါလက္ခဏာတွေကတော့ -
● သွေးအားနည်းခြင်း
● မောပန်းလွယ်ခြင်း
● အသက်ရှူမ၀ခြင်း
● ခေါင်းမူးခြင်း
● ဖြူဖပ်ဖြူရော်ဖြစ်ခြင်း
● ရင်ဘတ်အောင့်ခြင်း
● သွေးဥမွှားတွေရဲ့ လုပ်ဆောင်ချက် အားနည်းလာခြင်းကြောင့် သွေးမတိတ်ခြင်း
● သွေးခြေဥ အညိုအမည်းစွဲခြင်း
● သွားဖုံး သွေးယိုခြင်း စတဲ့လက္ခဏာများ
● မကြာခဏ ဖျားခြင်း
● ကိုယ်အလေးချိန် ကျဆင်းခြင်း
● အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း
● လည်ပင်း၊ ချိုင်းကြားတို့တွင် အလုံးအကျိတ်များ စမ်းမိခြင်း
>> ပြန်ရည်ကြောဆဲလ်ကင်ဆာ (Lymphoma)
မြန်မာလိုဆို ပြန်ရည်ကြောဆဲလ်ကင်ဆာလို့ ဆိုရမှာပါ။ ပြန်ရည်ကြောဆဲလ်ဆိုတာ ရောဂါကို တိုက်ထုတ်ပေးနိုင်တဲ့ သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်ပြီး ပြန်ရည်ကြောဆဲလ်ကင်ဆာဖြစ်ပြီဆို အကျိတ်တွေ ရောင်ရမ်းလာတာကို အဓိကလက္ခဏာအနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ထွက်လာတဲ့ အကျိတ်တွေက အခြားသောအင်္ဂါတွေကို ဖိမိတာကြောင့် အသက်ရှူမ၀ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ၀မ်းဗိုက်နာကျင်ခြင်း စတာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ တချို့တွေဆို ဘေလုံးကြီးလာတာကြောင့် ဆေးခန်းသွားပြမှ သွေးကင်ဆာဖြစ်နေမှန်း သိရတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အကျိတ်တွေက နာကျင်မှုမရှိပေမယ့် အရက်သောက်တဲ့လူတွေမှာ နာကျင်မှုကို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။
>> ရိုးတွင်းခြင်ဆီကင်ဆာ (Multiple Myeloma)
ခန္ဓာကိုယ်ထဲမှာ ပဋိဇီ၀ပစ္စည်းထုတ်တဲ့ plasma cell (ဆဲလ်) ဆိုတာ ရှိပါတယ်။ Plasma cells တွေဟာ သွေးဖြူဥတစ်မျိုးကနေ ဆင်းသက်လာတာဖြစ်ပြီး ၎င်းဆဲလ်တွေ ကင်ဆာအသွင် ပြောင်းတဲ့အခါမှာ ရိုးတွင်းခြင်ဆီကင်ဆာ ဖြစ်လာတာ ဖြစ်ပါတယ်။ အစပိုင်းမှာ ဘာရောဂါလက္ခဏာမှ ပြလေ့မရှိပေမယ့် နောက်ပိုင်းမှာတော့ အရိုးနာတာ၊ သွေးအားနည်းတာ၊ မကြာခဏ အဖျား၀င်တာ၊ သွေးထွက်များတာ စတဲ့ လက္ခဏာတွေ ပြလာပါတယ်။
အရိုးရဲ့သဘောက အရိုးအဟောင်းတွေ ပျက်စီးပြီးသွားရင် အရိုးအဆစ်တွေ ပြန်ပြန်ဖြစ်မှသာ အရိုးကျန်းမာရေး ကောင်းမွန်တာ ဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီကင်ဆာ ဖြစ်ပြီဆိုရင် အရိုးအဟောင်း ပျက်စီးနှုန်းများလာပြီး အစားထိုးစရာ အရိုးအသစ် မရှိတဲ့အခါမှာ အရိုးပါးတာ၊ အရိုး အားနည်းတာနဲ့ အရိုး အလွယ်တကူ ကျိုးတာတွေ ဖြစ်လာပါတယ်။
ပျက်စီးနေတဲ့အရိုးက အာရုံကြောမကြီးတစ်လျှောက်ကို ဖိမိတာကြောင့် ခြေလက်ထုံကျဉ်ခြင်း၊ ဆီး/၀မ်း မထိန်းနိုင်ခြင်း စတာတွေလည်း ဖြစ်နိုင်ပါတယ်။
သွေးထဲမှာ ကယ်လ်ဆီယမ်ဓာတ်တွေ များလာတာကြောင့် အော့အန်တာ၊ ဗိုက်အောင့်တာ၊ အလွန်အမင်း ဆီးသွားတာ၊ ရေငတ်တာ၊ ခံတွင်းပြတ်တာ၊ ၀မ်းချုပ်တာ၊ မှတ်ဉာဏ်တွေ ရောထွေးတာမျိုးတွေ ခံစားရနိုင်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)






























