/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးဆိပ်တက်ခြင်း

သွေးဆိပ်တက်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ရောဂါပိုးဝင်ရောက်လာချိန်မှာ ခန္ဓာကိုယ်တွင်းရှိခုခံအားစနစ်က ဒီရောဂါပိုးတွေကိုတိုက်ထုတ်ပါတယ်။ ကျွနု်ပ်တို့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ခုခံအားစနစ်တစ်မျိုးတည်းနဲ့ ရောဂါပိုးတွေကို မတိုက်ထုတ်နိုင်ဘူး ဆိုရင်တော့ ရောဂါပိုးဝင်တဲ့အဆင့်ကနေ ပိုပြီးဆိုးတဲ့ သွေးဆိပ်သင့်တဲ့အခြေအနေကိုရောက်ရှိသွားပါမယ်။

 

သွေးဆိပ်တက်ရင် ခန္ဓ္ဓာကိုယ်ထဲမှာ ဘယ်လိုဖြစ်နေမလဲဲ?

        ခန္ဓာကိုယ်ထဲကို ပြင်းထန်တဲ့ရောဂါပိုးဝင်လာရင် ဒီပိုးတွေကိုတိုက်ထုတ်ဖို့အတွက် ထွက်လာတဲ့ ဓာတုပစ္စည်းတွေကြောင့် ရောင်ရမ်းခြင်းနဲ့ သွေးပေါင်ကျခြင်းတွေဖြစ်လာပါတယ်။ အခြေအနေပိုဆိုးလာရင်တော့ ဒီရောင်ရမ်းခြင်းနဲ့ သွေးပေါင်ကျခြင်းတွေကြောင့် ဦးနှောက်၊ အဆုတ်နဲ့ ကျောက်ကပ် စတဲ့ကိုယ်တွင်းအင်္ဂါတွေကို ပျက်စီးစေနိုင်ပါတယ်။

         သွေးဆိပ်တက်ခြင်းက အရမ်းကိုပြင်းထန်တဲ့အခြေအနေဖြစ်တဲ့အတွက် ချက်ချင်းဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။ သွေးဆိပ်တက်ခြင်းရဲ့ အပြင်းထန်ဆုံးအခြေအနေတစ်ခုကတော့ သွေးလန့်ခြင်း (shock) ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် သွေးပေါင်ရုတ်တရက်ကျဆင်းသွားတဲ့အတွက် လုံလောက်တဲ့သွေးစီးဆင်းမှုကိုထိန်းသိမ်းနိုင်ဖို့ အရေးပေါ်ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ ဒီလိုလူနာတွေကို အထူးကြပ်မတ်ကုသဆောင် (ICU) တွေမှာထားပြီး သေချာကုသရပါမယ်။

 

ဘယ်သူတွေ သွေးဆိပ်တက်ခြင်းဖြစ်ကြသလဲ?

        ပြင်းထန်တဲ့ရောဂါပိုးဝင်ရောက်နေတယ်ဆိုရင် ဘယ်အချိန်မှာမဆို သွေးဆိပ်တက် တတ်ပါတယ်။ ရောဂါပိုးဝင်နေတဲ့လူတိုင်းမှာ သွေးဆိပ် တက်ခြင်းဖြစ်နိုင်ပေမယ့် ခုခံအားကျနေတဲ့သူတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ ခုခံအားကျဆင်းနိုင်တဲ့အခြေအနေတွေကတော့-

1. ကိုယ်ဝန်ဆောင်အမျိုးသမီးများ

2. အိတ်ချ်အိုင်ဗွီ (HIV) ရောဂါပိုးရှိသူများ

3. ကင်ဆာရောဂါကိုဓာတ်ကင်ကုသနေသူများ

 

အသက်အရွယ်က သွေးဆိပ်တက်ခြင်းဖြစ်စေတဲ့အချက်တစ်ချက် ဘာကြောင့်ဖြစ်ရတာလဲ?

            အသက်ကြီးလာတဲ့အခါမှာ ငယ်စဉ်ကလိုခုခံအားမကောင်းနိုင်တော့ပါဘူး။ ဒါကြောင့် လူကြီးတွေမှာ သွေးဆိပ်တက်ခြင်း ပိုဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့် နာတာရှည်ရောဂါတွေ ခံစားနေရတဲ့သူတွေမှာဆိုရင် ရောဂါပိုးတွေ၀င်ရောက်ရင် ခန္ဓာကိုယ်က အရင်လို ပြန်မတိုက်နိုင်တော့ပါဘူး။ အကျိုးဆက်အနေနဲ့ သွေးဆိပ်တက်တဲ့ထိပါ ဖြစ်သွားနိုင်ပါတယ်။

 

သွေးဆိပ်တက်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?

           ရောဂါလက္ခဏာတွေက တစ်ဦးနဲ့တစ်ဦးမတူကြသော်လည်း ဖြစ်လေ့ရှိတဲ့လက္ခဏာအချို့ရှိပါတယ်။

1. ဖျားခြင်း

2. စိတ်ရှုပ်ထွေးခြင်း၊ မူးဝေခြင်း

3. အသက်ရှူရခက်ခြင်း (သို့) ပိုဆိုးလာခြင်း

4. ဆီးနည်းသွားခြင်း၊ ဆီးရောင်မဲမဲသွားခြင်း

5. နှလုံးခုန်မြန်ခြင်း

6. သွေးပေါင်ချိန်ပုံမှန်အောက်နည်းခြင်း

 

သွေးဆိပ်တက်ခြင်းမဖြစ်အောင်ရှောင်နိုင်ပါသလား?

            သွေးဆိပ်တက်ခြင်းကို ရှောင်ရှားနိုင်မယ့်တစ်ခုတည်းသောနည်းလမ်းက ရောဂါပိုးတွေကို ဖယ်ထုတ်ခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်မယ့် အကောင်းဆုံးနည်း (အထူးသဖြင့် လူကြီးများအတွက်) ကတော့ -

1. တုပ်ကွေးရောဂါကာကွယ်ဆေးနှင့် အဆုတ်ရောင်ရောဂါကာကွယ်ဆေးနှစ်စဉ်ထိုးထားပါ။

2. အနာနှင့် ကုတ်ခြစ်ရာများကို သေချာစွာသန့်စင်ပါ။

3. လက်မကြာခဏဆေးပါ။ ရေပုံမှန်ချိုးပါ။

4. ဆီးချိုရောဂါရှိလျှင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပါ။

5. ရောဂါပိုးဝင်ပြီး သွေးဆိပ်တက်တဲ့အဆင့်ရောက်ပြီဆိုရင် ကုသမှုခံယူဖို့မနှောင့်နှေးရန်အရေးကြီးပါတယ်။ အချိန်တစ်နာရီကုန်လာလေ အန္တရာယ်ပိုရှိလေပါပဲ။ ဒါကြောင့် ရောဂါလက္ခဏာတွေကိုသိရှိပြီး ကုသမှုချက်ချင်းခံယူနိုင်ဖို့ အလွန်အရေးကြီးပါတယ်။

            တစ်စုံတစ်ယောက်မှာ ရောဂါပိုးဝင်ရောက်ပြီး သွေးဆိပ်တက်တဲ့လက္ခဏာတွေ့ပြီဆိုတာ နဲ့ ဆေးကုသမှုချက်ချင်းရရှိစေဖို့အတွက် အရေးပေါ်ဌာနကို ချက်ချင်းသွားပါ။

 

Dr. Mya Myo Myo Swe

www.drmyanmar.com