/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးတိုးကြောင့်-ကျောက်ကပ်မပျက်စေဖို့

သွေးတိုးကြောင့် ကျောက်ကပ်မပျက်စေဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အခုခေတ်မှာ လူကြီး ၃ ယောက်မှာ ၁ ယောက်တိုင်း သွေးတိုးရှိတယ်ဆိုတာ သိကြရဲ့လား? ဒီလိုသွေးတိုးရှိသူတွေထဲက တစ်ဝက်လောက်က သွေးပေါင်ကို ကောင်းကောင်း မထိန်းနိုင်ဘူးတဲ့။ သွေးပေါင်ဆိုတာ သွေးကြောနံရံတွေကို သွေးတိုးနှုန်းကို တိုင်းတာတာဖြစ်ပြီး ကျန်းမာရေးကို အရမ်းသက်ရောက်မှုရှိတယ်။ သွေးတိုးနေရင် (၁၄၀/၉၀နဲ့အထက် ဖြစ်နေရင်)

●        နှလုံးသွေးကြောပိတ်ရောဂါ

●        လေဖြတ်ရောဂါ

●        နာတာရှည်နှလုံးညှစ်အားနည်းရောဂါ

●        နာတာရှည်ကျောက်ကပ်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

 

>>    သွေးတိုးကြောင့် ဘယ်လိုကျောက်ကပ် ထိခိုက်နိုင်မလဲ?

        ကျောက်ကပ်ဟာ သွေးထဲက အဆိပ်အတောက်တွေနဲ့ အရည်ပိုတွေကို စစ်ထုတ်ပေးဖို့ သူ့ဆီ စီးဆင်းလာတဲ့ သွေးတွေပေါ် မူတည်နေရတယ်။ သွေးတိုးတဲ့အခါ ကျောက်ကပ်သွေးကြောတွေ ပျော့လာ၊ ထူလာ၊ ကျဉ်းလာပြီး ကျောက်ကပ် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘူးပေါ့။ သွေးကြောကြောင့် ပျက်စီးနေတဲ့ ကျောက်ကပ်ဟာ သူတို့ရဲ့စစ်ထုတ်တဲ့အလုပ်ကို ကောင်းကောင်းမလုပ်နိုင်တော့ဘဲ အရည်တွေပိုစု၊ သွေးတွေပိုတိုးနဲ့ သံသရာ လည်တတ်တယ်။ သွေးကြော အတော်များများ ပျက်စီးတဲ့အခါ ကျောက်ကပ်လည်း ပျက်တော့တာပေါ့။

          ဒီလိုကျောက်ကပ်ရောဂါ မဖြစ်ရလေအောင် -

●        ဆရာဝန်နဲ့ သေချာပြပြီး သွေးတိုးကို ထိန်းပါ။

●        လှုပ်လှုပ်ရှားရှား နေထိုင်ပါ။

●        ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားသောက်ပါ။

●        ညွှန်ကြားတဲ့အတိုင်း ဆေးသောက်ပါ။

 

          ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် နေထိုင်စားသောက်တာဟာ သွေးတိုးကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရောဂါကို သာမကဘဲ ကျန်းမာရေးအသုံးစရိတ်တွေကိုပါ လျော့နည်းစေနိုင်တယ်။

 

>>    ကျောက်ကပ်ရောဂါနဲ့ ကျန်းမာရေးအသုံးစရိတ်

          သွေးတိုးရောဂါအပြင် ကျောက်ကပ်ရောဂါတွေပါ ရှိနေရင် ကျန်းမာရေးအသုံးစရိတ်တွေ အပိုကုန်ကျလာတတ်တယ်။ လေ့လာမှုတစ်ခုမှာ ကျောက်ကပ်ရောဂါရှိနေသူနဲ့ မရှိသူတစ်ယောက်ရဲ့ ကုန်ကျစရိတ်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ -

●        ဆေးဖိုး ၂ ဆခွဲ

●        ဆေးခန်းပြစရိတ် ၁.၉ ဆ

●        ဆေးရုံတက်စရိတ် ၃.၁ ဆ ပိုကုန်ကျတယ်လို့ ဆိုတယ်။

 

>>    ဒီလိုကုန်ကျစရိတ်တွေကို သက်သာစေဖို့ ကျန်းမာအသက်ရှည်စေဖို့ -

1.      ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

          အဝလွန်နေသူတွေဟာ သွေးတိုးတွေ၊ တခြားရောဂါအခြေအနေတွေထက် ကျောကပ်ရောဂါဖြစ်နိုင်ခြေ ပိုများတယ်။ ဒါကို လျှော့ချဖို့ ဝိတ်ကို ၇-၁၀ ရာခိုင်နှုန်းလောက် လျှော့ဖို့လိုတယ်။

 

2.      စိတ်ဖိစီးမှုကို လျှော့ချပါ။

          စိတ်ဖိစီးတဲ့အချိန်မှာ ထွက်လာတဲ့ဟော်မုန်းတွေက သွေးတိုးစေနိုင်တယ်။ ကြာရှည်စိတ်ဖိစီးမှုကြောင့် သွေးတိုးဖြစ်နိုင်မနိုင်ကို ကောင်းကောင်း မသိနိုင်ပေမယ့် စိတ်ဖိစီးမှုကြောင့်တော့ သွေးတိုးစေနိုင်တဲ့ အမူအကျင့်တွေဖြစ်တဲ့ အစားလွန်အလွန်စားတာ၊ အရက်အလွန်အကျွံသောက်တာ၊ အိပ်ရေးမဝတာတွေ ဖြစ်နိုင်တယ်။

 

3.      ဆေးကိုညွှန်ကြားထားတဲ့အတိုင်း သောက်ပါ။

        ဆေးကို ညွှန်ကြားထားတဲ့အတိုင်း သောက်တဲ့အခါ နောက်ဆက်တွဲတွေကို လျော့ကျစေတဲ့အပြင် ကျောက်ကပ်ရောဂါ ထပ်မဆိုးလာအောင်လည်း တားဆီးပေးတယ်။ ဆေးရဲ့နောက်ဆက်တွဲတွေကို ကြောက်တယ်ဆိုရင်လည်း ရပ်လိုက်မယ့်အစား ဆရာဝန်နဲ့တိုင်ပင်ပြီး နောက်တစ်မျိုး ပြောင်းသောက်ပေါ့။

 

4.      ဆေးလိပ်ဖြတ်ပါ။

          ဆေးလိပ်သောက်သူဆိုရင်တော့ ဆရာဝန်၊ မိဘ၊ ဆွေမျိုးအကူအညီနဲ့ ဖြတ်ဖို့လိုတယ်။ ဆေးလိပ်ကြောင့် သွေးတိုးနိုင်သလို ရောဂါအခြေအနေတွေကိုလည်း ပိုဆိုးစေနိုင်လာတယ်။

 

5.      လှုပ်လှုပ်ရှားရှားနေပါ။

          လူအများစုဟာ တစ်နေ့ကို မိနစ် ၃၀ ကနေ ၆၀ လောက် လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းဟာ သွေးတိုးကို ကျစေနိုင်တယ်။

 

6.      ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားပေးပါ။

●        အဆီတွေ ကိုလက်စထရောတွေနည်းတဲ့

●        ဆိုဒီယမ်နည်းတဲ့

●        ပရိုတင်း၊ အာဟာရဓာတ်နဲ့ အမျှင်ဓာတ်များတဲ့

●        အဆီနည်းတဲ့

●        အနီရောင်အသားတွေနဲ့ သကြားနည်းတဲ့ အစားအသောက်တွေကို စားပေးပါ။

          ဆရာဝန်နဲ့မှန်မှန်ပြပြီး သွေးမှန်မှန်ချိန်ဖို့ အရေးကြီးတယ်နော်။ သွေးတိုးနေပြီဆိုရင်လည်း ဆရာဝန်နဲ့တိုင်ပင်ပြီး ကောင်းကောင်းထိန်းဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)