/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးတိုးရောဂါရှိသူများ-ည-၇-နာရီနောက်ပိုင်းမှာ-အစာ-မစားပါနှင့်

သွေးတိုးရောဂါရှိသူများ ည ၇ နာရီနောက်ပိုင်းမှာ အစာ မစားပါနှင့်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အခုလို home stay ကာလမှာ လူအများစုဟာ ညနက်ထိ တီဗီကြည့်ရင်း၊ ဖုန်းသုံးရင်းနှင့် အစားတွေ စားလေ့ရှိကြပါတယ်။ တစ်ခါတလေကတော့ ကိစ္စမဟုတ်ပေမယ့် နေ့စဉ်ရက်ဆက်ဆိုသလို ပြုလုပ်နေမိပါက သင့်ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မယ်။ ပညာရှင်များရဲ့ လေ့လာချက်အရ အိပ်ရာမဝင်ခင် ၂ နာရီအလိုမှာ အစာစားခြင်းဟာနှလုံးရောဂါဖြစ်နှုန်းကို မြင့်တက်စေတယ်လို့ သိရပါတယ်။
ဒီလေ့လာချက်ကိုတော့ တူရကီနိုင်ငံမှာ အသက် ၁၈-၆၅ နှစ် အတွင်း သွေးတိုးရောဂါ ခံစားနေရသူ လူ ၇၀၀ ကျော်ကို စမ်းသပ်ခဲ့တာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ အစာစားချိန်နှင့် ဘာစားတယ်ဆိုတာ ကြားကွဲပြားမှုကို သုံးသပ်ဖို့ ဖြစ်ပါတယ်။

>>  အဓိက စစ်ဆေးခဲ့တဲ့အချက်တွေကတော့ -
●  စားလိုက်တဲ့ ဆားပမာဏ
●  တစ်နေ့လုံးစားသော အစားအစာ အမျိုးအစားများ
●  မနက်စာ ပုံမှန် စား၊ မစား
●  ညနေခင်း အစာ စားသောအချိန်တို့ပဲ ဖြစ်ပါတယ်။

ဒီလေ့လာချက်အရ ညဘက်ကို နောက်ကျမှ အစာစားလေ့ရှိသူတွေဟာ ညဘက် သွေးပေါင်ချိန်အပေါ် ဆိုးကျိုးများရှိစေတာ တွေ့ရပါတယ်။ ညမအိပ်ခင် နှစ်နာရီအလိုမှာ အစာစားခြင်းဟာ အငန်တွေ စားတာထက်တောင်မှ သွေးပေါင်ကို ပိုတက်စေတယ်ဆိုတာ ဒီလေ့လာချက်က သက်သေပြခဲ့ပါတယ်။
ဒါကြောင့် ည ၁၀ နာရီတွင် အိပ်မယ်ဆိုပါက ၇ နာရီမှာ နောက်ဆုံး အစာစားသင့်ပါတယ်။
ကျွန်ုပ်တို့ အိပ်စက်သောအခါမှာ သွေးပေါင်ချိန်ဟာ ၁၀ ရာနှုန်းခန့် ကျသွားပါတယ်။ ဒါပေမဲ့ သင်ဟာ ညအိပ်ခါနီးမှ ကပ်ပြီး အစာတွေ စားတယ်ဆိုရင်တော့ သင့်ကိုယ်ခန္ဓာက နိုးကြားနေတဲ့အတွက် သင် အိပ်မောကျသွားချိန်မှာ သွေးပေါင် ကျဆင်းဖို့ အလားအလာ နည်းသွားပါပြီ။ ဒီအခါ  နှလုံးရောဂါဖြစ်ဖို့ ရာနှုန်းမြင့်မားလာပြီး မလိုလားအပ်တဲ့ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် သွေးတိုးရောဂါရှိသူများအနေနှင့် ညအိပ်ခါနီး အစာစားခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် သွေးပေါင်ကို အကောင်းဆုံးထိန်းညှိဖို့ အကြံပေးလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)