သွေးတိုးရောဂါသမားတွေမှာ COVID-19 နဲ့ ပတ်သက်ပြီး သိထားသင့်တာတွေက
COVID-19 ရောဂါကပ်ဆိုးချိန်မှာ လူတိုင်းကျန်းမာအောင် နေထိုင်ရမယ်ဆိုတာကို သိထားကြပါတယ်။ သွေးတိုးရောဂါလိုမျိုး နာတာရှည်ရောဂါရှိသူတွေမှာ ပိုပြီးဂရုစိုက်ဖို့ လိုပါတယ်။
အခုခေတ်မှာ လူဦးရေတစ်ဝက်လောက်က သွေးတိုးနေတတ်ကြတာမို့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲတွေကို ကြည့်ကြည့်ကြရအောင်ပါနော်။
>> ဘာတွေကြောက်ရမလဲ?
သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိတဲ့ သက်ကြီးရွယ်အိုတွေမှာ COVID-19 ရောဂါ ပိုဖြစ်နိုင်ပြီး ဖြစ်လာခဲ့ရင်လည်း ပိုဆိုးပါတယ်။ ဒါကြောင့် ဒီရောဂါတွေကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ အရေးကြီးလာတာပေါ့။
တရုတ်ပြည်၊ ဝူဟန်မြို့ကပ်ရောဂါကာလမှာ COVID-19 ကြောင့် သေဆုံးတဲ့သူတွေကို လေ့လာကြည့်တဲ့အခါ နှလုံးနဲ့သွေးကြောရောဂါရှိသူ ၁၀.၅%၊ ဆီးချိုရောဂါရှိသူ ၇.၃%၊ အဆုတ်ရောဂါရှိသူ ၆.၃%၊ သွေးတိုးရှိသူ ၆% နဲ့ ကင်ဆာရှိသူ ၅.၆% ပါဝင်ကြောင်း တွေ့ရှိရပါတယ်။
>> သွေးတိုးကျဆေးတွေဟာ COVID-19 ရောဂါဖြစ်နေသူတွေကို ပိုဆိုးစေနိုင်သလား?
သွေးတိုးရောဂါ၊ နှလုံးရောဂါတွေအတွက် ACEI ဒါမှမဟုတ် ARB စတဲ့ ဆေးတွေကို သောက်နေတယ်ဆိုရင် ဆက်သောက်ပေးပါ။ မရပ်လိုက်ပါနဲ့။
● ဒီဆေးတွေဟာ COVID-19 ရောဂါကို ပိုမဆိုးစေနိုင်သလို သွေးတိုးကို ထိန်းချုပ်ပေးပြီး နှလုံးသွေးကြောကျဉ်းတာ၊ လေဖြတ်တာ၊ နှလုံးရောဂါ ပိုဆိုးတာမျိုးကို ကာကွယ်တားဆီးပေးပါတယ်။
● နှလုံးသွေးကြောရောဂါတွေရှိပြီး COVID-19 လည်း ဖြစ်နေတယ်ဆိုရင် ဆေးအတိုးအလျှော့ကို ဆရာဝန်က နောက်ဆုံးကုသနည်းလမ်းတွေအရ လုပ်ပေးပါလိမ့်မယ်။
>> သတိထားဖို့ အရေးကြီးပါတယ်
ဆေးဆိုင်မှာ အလွယ်တကူ ဝယ်သောက်လို့ရတဲ့ဆေးတချို့နဲ့ အမူအကျင့်တချို့က သွေးတိုးစေတတ်ပါတယ်။
● ဆေးဆိုင်က အလွယ်တကူဝယ်နိုင်တဲ့ဆေးများ : အကိုက်အခဲပျောက်ဆေးတွေဟာ သွေးတိုးစေနိုင်ပါတယ်။ နှာစေးပျောက်ဆေးတွေဟာလည်း သွေးတိုးစေနိုင်တယ်လို့ နာမည်ကြီးပါတယ်။ ဒါကြောင့် နှလုံးရောဂါအခံရှိသူတွေမှာ ဒါတွေကို ရှောင်ဖို့ လိုပါတယ်။ ပါရာစီတမောကတော့ သွေးတိုးနိုင်ခြေနည်းပါတယ်။
● ဆရာဝန်ညွှန်ကြားသောဆေးတချို့ : စိတ်ရောဂါဆေးတွေ၊ စတီးရွိုက်ဆေး၊ ကိုယ်ဝန်တားဆေး၊ ကိုယ်ခံအားကျဆေးနဲ့ ကင်ဆာဆေးတချို့ သောက်နေသူတွေမှာလည်း သွေးပေါင်ချိန်ကို သေချာစောင့်ကြည့်ဖို့ လိုပါတယ်။
● အရက်နဲ့ကဖင်း : အရက်နဲ့ကဖင်းနဲ့ အရမ်းများလာရင်လည်း သွေးတိုးစေနိုင်တာကြောင့် သတိထားသောက်ဖို့ လိုပါတယ်။ ကဖင်းကို တစ်နေ့ ၃ ခွက်လောက်ပဲ သောက်သင့်ပါတယ်။ သွေးတိုးရှိသူတွေမှာဆိုရင် ရှောင်ကိုရှောင်သင့်ပါတယ်။
● သဘာဝသစ်ဥသစ်ဖုများ : သဘာဝသစ်ဥသစ်ဖုဆိုတိုင်းလည်း စိတ်မချရပါဘူး။ နွယ်ချိုလိုမျိုးဆေးတွေက သွေးပေါင်တက်စေနိုင်ပါတယ်။
>> ဆေးဆက်သောက်ဖို့
အိမ်ထဲနေနေရတဲ့အချိန် တစ်လျောက်လုံးမှာ ဆေးမပြတ်စေဖို့ အထူးသတိပြုသင့်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးကိုတိုးတာ၊ လျှော့တာမျိုး မလုပ်သင့်ပါဘူး။
အရေးပေါ်အခြေအနေမျိုးက COVID-19 ဖြစ်နေလို့ဆိုပြီး မဖြစ်ဘဲမနေပါဘူး။
သွေးတိုးကြောင့် နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာတွေ ဖြစ်စေတတ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် အရေးပေါ်ဆေးရုံကို ပြေးဖို့လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























