သွေးတွင်းသကြားဓာတ်နည်းခြင်း
သွေးတွင်းသကြားဓာတ်နည်းခြင်းက အန္တရာယ်ရှိတဲ့အခြေအနေတစ်ခုဖြစ်ပြီး အများအားဖြင့် ဆီးချိုဆေးတွေသောက်နေရတဲ့ ဆီးချိုရောဂါရှိသူတွေမှာ အဖြစ်များပါတယ်။ ဆေးသောက်များသွားခြင်း၊ အစားမစားခြင်း၊ ပုံမှန်ထက် အစားနည်းခြင်း၊ လေ့ကျင့်ခန်းလုပ်နေကျထက်ပိုလုပ်ခြင်း စတာတွေကြောင့် သွေးတွင်းသကြားဓာတ်ကျဆင်းသွားတတ်ပါတယ်။
သွေးတွင်းကသကြားဓာတ်ကို ဂလူးကို့စ်လို့ လူသိများကြပါတယ်။ စားလိုက်တဲ့အစားအစာတွေက ခန္ဓာကိုယ်ထဲမှာ ဂလူးကို့စ်အဖြစ်ပြောင်းလဲသွားပြီး အားအင်ဖြစ်စေပါတယ်။ ဆန်၊ အာလူး၊ ပေါင်မုန့်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ နို့ စတဲ့ ကစီဓာတ်ပါတဲ့အစားအစာတွေက ခန္ဓာကိုယ်အတွက် ဂလူးကို့စ်ဓာတ်ပေးတဲ့ အဓိကအစားအစာတွေဖြစ်ပါတယ်။
အစာစားပြီးတဲ့အခါမှာ ဂလူးကို့စ်တွေက သွေးစီးကြောင်းထဲကိုဝင်ရောက်သွားပြီး ခန္ဓာကိုယ်ဆဲလ်တွေဆီရောက်ရှိသွားပါတယ်။ မုန့်ချိုအိတ် (pancrease) ထဲကနေထုတ်ပေးတဲ့ အင်ဆူလင်ဆိုတဲ့ဟော်မုန်းတစ်မျိုးက ဆဲလ်တွေဂလူးကို့စ်တွေကိုသုံးနိုင်ဖို့အတွက် ကူညီပေးပါတယ်။ ဂလူးကို့စ်ကို လိုအပ်တာထက်ပိုစားရင် ပိုတာတွေကို အသည်းနဲ့ ကြွက်သားတွေထဲမှာသိုလှောင်ထားပါတယ်။ (သို့) လိုအပ်တဲ့အချိန်မှာ ထုတ်သုံးနိုင်ဖို့အတွက် အဆီအဖြစ်ပြောင်းထားပါတယ်။
ဂလူးကို့စ်မလုံလောက်ရင် ခန္ဓာကိုယ်က ပုံမှန်လုပ်ငန်းတွေကို မလုပ်နိုင်ပါဘူး။ ဆီးချိုဆေးတွေသောက်မနေဘူးဆိုရင်တော့ လိုအပ်တဲ့သကြားဓာတ်ကိုထိန်းထားနိုင်ပြီး လိုအပ်လာရင် အသည်းကလည်းထုတ်ပေးနိုင်ပါတယ်။ ဆီးချိုဆေးသောက်နေတဲ့သူတွေမှာ ဆိုရင်တော့ သွေးတွင်း သကြားဓာတ်ရုတ်တရက်ကျသွားခြင်းက ဆိုးကျိုးများစွာဖြစ်စေပါတယ်။ သွေးတွင်းသကြားဓာတ် 70 mg/dL အောက်နည်းရင် သွေးတွင်းသကြားဓာတ်နည်းတယ်လို့ သတ်မှတ်ပါတယ်။ ရောဂါလက္ခဏာတွေပိုပြီး မဆိုးရွားစေဖို့အတွက် အရေးပေါ်ကုသမှု ခံယူဖို့လိုအပ်ပါတယ်။
သွေးတွင်းသကြားဓာတ်နည်းခြင်း၏ရောဂါလက္ခဏာများ
သွေးတွင်းသကြားဓာတ်နည်းတဲ့အခါ ချက်ချင်း လက္ခဏာပြတတ်ပါတယ်။
- အမြင်အာရုံဝေဝါးခြင်း
- နှလုံးခုန်မြန်ခြင်း
- ရုတ်တရက်စိတ်ခံစားမှုပြောင်းသွားခြင်း
- ဂယောက်ဂယက်ဖြစ်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- အသားဖြူဖျော့သွားခြင်း
- ခေါင်းကိုက်ခြင်း
- ဆာလောင်ခြင်း
- တုန်ခြင်း
- မူးဝေခြင်း
- ချေွးများထွက်ခြင်း
- အိပ်ရခက်ခြင်း
- အသားများတုန်ခြင်း
- အာရုံကောင်းကောင်းမစိုက်နိုင်ခြင်း
- သတိမေ့ခြင်း၊ တက်ခြင်း၊ ကိုမာဝင်ခြင်း
ဒီလက္ခဏာတွေကို ကြုံတွေ့ရပြီဆိုရင်တော့ သွေးတွင်းသကြားဓာတ်ကျနေတာဖြစ်ပါတယ်။ ကုသမှုချက်ချင်းမရရင် ဖြူဖျော့ပြီး တက်သွားနိုင်ပါတယ်။ ပိုဆိုးရင်တော့ ကိုမာ ဝင်သွားနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ်အလွန်အမင်းကျဆင်းခြင်းက အရေးပေါ်အခြေအနေတစ်ခုဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ လက္ခဏာအရမ်းမပြင်းထန်ဘူးဆိုရင် အောက်ပါ အစာကြေလွယ်တဲ့ ကစီဓာတ် 15 mg လောက်စားသုံးစေပါ။
- အချိုရည်ခွက်တစ်ဝက် (သို့)
- ပျားရည် စားပွဲတင်ဇွန်း 1 ဇွန်း (သို့)
- ခရက်ကာ 4-5 ချပ် (သို့)
- ဂလူးကို့စ်ဆေးပြား (သို့) သကြားလုံး 3-4 လုံး (သို့)
- သကြားစားပွဲတင်ဇွန်း 1 ဇွန်း
သတိလစ်မေ့မြောသွားရင်တော့ အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် ကုသမှုချက်ချင်းခံယူရပါမယ်။ သတိမေ့နေတဲ့သူကို ပါးစပ်ထဲကိုဘာမှမထည့်ရပါဘူး။ အစာနင်တတ်ပါတယ်။
သွေးတွင်းသကြားဓာတ်လျော့ကျစေသော အကြောင်းအရင်းများ
ဖြစ်ရတဲ့အကြောင်းအရင်းများစွာရှိပါတယ်။ တစ်ခါတစ်လေမှာ ဆီးချိုဆေးတွေကြောင့်လည်းဖြစ် တတ်ပါတယ်။
1. ဆီးချိုရောဂါနှင့် သွေးတွင်းသကြားဓာတ်နည်းခြင်း
ဆီးချိုရောဂါရှိပါက ခန္ဓာကိုယ်ရဲ့အင်ဆူလင်သုံးနိုင်စွမ်းက ပုံမမှန်တော့ပါဘူး။ ဆီးချိုရောဂါရှင်တွေမှာ ခန္ဓာကိုယ်က သကြားဓာတ်ကို သုံးစွဲနိုင်ဖို့အတွက် အင်ဆူလင်ထုတ်လုပ်မှုကိုအားပေးတဲ့ သောက်ဆေးတွေနဲ့ အင်ဆူလင်ထိုးဆေးစသည်ဖြင့် ကုသမှုမျိုးစုံကို ယူနေကြရပါတယ်။ ဒီဆေးတွေကိုအလွန်အကျွံသောက်မိရင် သွေးတွင်းသကြားဓာတ်ကျဆင်းသွားစေပါတယ်။ ဆေးကိုတော့ ပုံမှန်အတိုင်းသောက်နေပေမယ့် အစာမစားဘဲနေခြင်း၊ ပုံမှန်ထက်စားတာနည်းခြင်း၊ နောက်ကျခြင်းတွေကြောင့်လည်း သွေးတွင်းသကြားဓာတ်နည်းတတ်ပါတယ်။ အစာလုံလောက်စွာမရှိဘဲ အလွန်အကျွံကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ အစာမစားဘဲ အရက်သောက်ခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
2. သွေးတွင်းသကြားဓာတ်နည်းစေသော အခြားအကြောင်းအရင်းများ
- အချို့သောဆေးများ (ဥပမာ- quinine (ငှက်ဖျားဆေး))
- အချို့သောရောဂါများ (ဥပမာ - အသည်းရောင်ရောဂါ၊ ကျောက်ကပ်ရောဂါများ)
- အင်ဆူလင်ထုတ်လုပ်မှုများသော ကင်ဆာများ
- Adrenal gland deficiency
ဘယ်လိုရောဂါသတ်မှတ်နိုင်သလဲ
သွေးတွင်းသကြားဓာတ်နည်းနေတယ်လို့ သံသယရှိရင် သွေးဖောက်ပြီးတိုင်းနိုင်ပါတယ်။ မကြာခဏ သွေးတွင်းသကြားဓာတ် ကျဆင်းတတ်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဘာကြောင့်ဆိုတာကို အဖြေရှာပါ။
ဆီးချိုရောဂါမရှိဘဲ သွေးတွင်းသကြားဓာတ်ကျဆင်းရင် ဆရာဝန်ပြပါ။
- ဆရာဝန်က အစာမစား၊ ရေမသောက်ဘဲ အချိန်ကာလတစ်ခုအထိနေစေပြီး သွေးတွင်းသကြားဓာတ်လျော့နည်းတဲ့ လက္ခဏာတွေကို ဆန်းစစ်ပါလိမ့်မယ်။
- သွေးတွင်းသကြားဓာတ်ပမာဏကို သွေးဖောက်ပြီး ဓာတ်ခွဲခန်းတွင်စစ်ဆေးခြင်း
- သွေးတွင်းသကြားဓာတ်ပြန်တက်လာသောအခါ ရောဂါလက္ခဏာများပျောက်ကွယ်သွားခြင်းရှိမရှိ ကြည့်ပါလိမ့်မယ်။
အိမ်မှာဆီးချိုစစ်ကြည့်ပြီးမှတ်ထားစေပါလိမ့်မယ်။ ဆီးချိုကို မနက်စောစောအစာမစားမီ( ည 10 နာရီနောက်ပိုင်းကစပြီး ဘာမှမစားဘဲ နောက်တစ်နေ့မနက် 6 နာရီတွင် သွေးဖောက်စစ်ခြင်း) နဲ့ အစာစားပြီး 2 နာရီအကြာမှာ စစ်ဖို့ညွှန်ကြားပါလိမ့်မယ်။
ကုထုံးများ
သွေးတွင်းသကြားဓာတ်အလွန်အမင်းကျဆင်းသွားချိန်မှာ ကစီဓာတ်ပါတဲ့အစားအစာတွေကို စားသုံးဖို့ အရေးကြီးပါတယ်။ ဒီလိုဖြစ်တတ်တဲ့ ဆီးချိုဝေဒနာရှင်တွေဆိုရင် ကစီဓာတ်များတဲ့ အစားအစာဆောင်ထား သင့်ပါတယ်။ ဆောင်ထားသင့်တဲ့ အစားအစာတွေကတော့ -
- လတ်ဆတ်သော သစ်သီးများ (သို့) သစ်သီးခြောက်
- သစ်သီးဖျော်ရည်
- မုန့်ကြိုးလိန်
- ကွတ်ကီးများ
သွေးတွင်းသကြားဓာတ်မြန်မြန်ပြန်တက်လာစေဖို့အတွက် ကလူးကို့စ်ဆေးပြားလည်းသောက်နိုင်ပါ တယ်။ ဆေးပြားတစ်ပြားသောက်ပြီး 15 မိနစ်ခန့်စောင့်ပြီး သွေးတွင်းသကြားဓာတ်ပြန်တိုင်းကြည့်ပါ။ သကြားဓာတ်ပြန်မတက်သေးရင် ဂလူးကို့စ်နောက်ထပ်တစ်ပြားထပ်သောက်လိုက်ပါ။ ပြီးရင် သွေးပြန်စစ်ကြည့်ပါ။ သွေးတွင်းသကြားဓာတ်ပြန်တက်လာတဲ့အထိ ပြုလုပ်ပါ။ ပုံမှန်အစာစားချိန်မရောက်သေးရင် သွားရည်စာနည်းနည်းစားထားပါ။ အစာတွေအများကြီးလည်းမစားလိုက်ပါနဲ့။ သွေးတွင်းသကြားဓာတ်တွေအရမ်းတက်သွားစေနိုင်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ်အနည်းငယ်ကျဆင်းခြင်းက ဖြစ်လေ့ဖြစ်ထရှိပေမယ့် အလွန်အမင်းကျဆင်းရင်တော့ အသက်အန္တရာယ်ရှိပါတယ်။ အချိန်အတော်ကြာအထိ ကုသမှုမရပါက တက်ခြင်း၊ အာရုံကြောစနစ်ပျက်စီးခြင်းတွေဖြစ်စေနိုင်တဲ့အတွက် အရေးပေါ်ကုသမှုခံယူရပါမယ်။
ကာကွယ်ရန်နည်းလမ်းများ
1. သွေးတွင်းသကြားဓာတ်မကြာခဏစစ်ဆေးပါ။
သွေးတွင်းသကြားဓာတ်ပုံမှန်စစ်ဆေးပေးခြင်းဖြင့် သတ်မှတ်ထားတဲ့ ပမာဏမှာ ထိန်းထားနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကျလေ့ကျထ ရှိရင် ကားမမောင်းခင် (သို့) စက်ပစ္စည်းတစ်မျိုးမျိုးနဲ့ အလုပ်မလုပ်မီမှာ သွေးတွင်းသကြားပမာဏစစ်ဆေးပါ။ ဘယ်လိုအချိန်တွေမှာ တိုင်းသင့်သလဲ ဆရာဝန်ကိုမေးမြန်းပါ။
2. အစားအစာကို စနစ်တကျစားပါ။
ထမင်းစားဖို့နောက်ထပ် 5 နာရီကျော်ကြာဦးမယ် (သို့) သွေးတွင်းသကြားပမာဏ 100mg/dl အောက် ကျနေတယ်ဆိုရင် အိမ်ကမထွက်မီ သွားရည်စာအနည်းငယ်စားသွားပါ။ ကစီဓာတ်ပါဝင်မှုများတဲ့အသင့်စားအစားအစာတွေကို အသင့်ဆောင်ထားပါ။
3. လေ့ကျင့်ခန်းလုပ်နေစဉ် အားဖြည့်ပါ။
အစာမရှိဘဲလေ့ကျင့်ခန်းလုပ်ရင် အားအင်ကုန်ခမ်းပြီး သွေးတွင်းသကြားဓာတ် လျှင်မြန်စွာကျဆင်းစေနိုင်ပါတယ်။ အတော်အသင့်ကနေ ပြင်းထန်လေ့ကျင့်ခန်းတွေက လေ့ကျင့်ခန်းလုပ်ပြီး 24 နာရီကြာတဲ့အထိ သွေးတွင်းသကြားဓာတ်ကျနေစေလို့ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းနဲ့ လုပ်ပြီး 2-4 နာရီလောက်မှာ ပြန်စစ်ပါ။ လေ့ကျင့်ခန်းမလုပ်မီ တစ်နာရီနှစ်နာရီလောက်အလိုမှာလည်း သွေးတွင်း သကြားဓာတ်ကို ကြိုတင်စစ်ဆေးထားပြီး ကျနေရင် ကစီဓာတ်ကြွယ်ဝတဲ့အစားအစာတွေစားသုံးထားပါ။ အိပ်ရာမဝင်မီ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်းမှ ရှောင်ကြဉ်ပါ။
4. ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပါ။
ဆီးချိုရောဂါအတွက် ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း စားသောက်နေထိုင်ပါ။ ဆေးကိုလည်း ပုံမှန်သောက်ပါ။ အစားအစာ၊ ဆေးတွေကို အချိန်မှန်မသောက်ဘူးဆိုရင် သွေးတွင်းသကြားဓာတ် ကျဆင်းနိုင်ပါတယ်။ ဆရာဝန်နဲ့ပုံမှန်ပြန်ပြပြီး ကုသမှုပုံစံကို ညှိနှိုင်းပါ။
Dr. Mya Myo Myo Swe





























