သွေးတွင်းအဆီတွေကို ကျစေတဲ့ ဗီတာမင် C
သွေးထဲမှာ ကိုလက်စရောများတာက မကောင်းဘူးဆိုတာကို အားလုံးသိကြပါတယ်။ ဒီကိုလက်စရောကို နည်းစေဖို့ိအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စား၊ လေ့ကျင့်ခန်း လုပ်၊ statin လို့ခေါ်တဲ့ သွေးတွင်းအဆီဓာတ် ကျစေတဲ့အရာတွေကို လုပ်ပေးဖို့ လိုပါတယ်။ ဗီတာမင် C များများသောက်ပေးခြင်းကလည်း သွေးတွင်းကိုလက်စရောဓာတ်ကို ကျစေပါတယ်။ ဒါတွေအပြင် ကိုလက်စရောကို ပုံမှန်ပမာဏမှာ ထိန်းထားနိုင်ဖို့ တခြားလုပ်နိုင်တာတွေ ရှိပါသေးတယ်။ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်ပါ။
>> ကိုလက်စရော
ကိုလက်စရောဆိုတာကတော့ ခန္ဓာကိုယ်ထဲက အဆီထဲမှာ တွေ့ရတဲ့အရာတစ်ခုဖြစ်ပြီးတော့ ကျန်းမာတဲ့ဆဲလ်တွေဖြစ်ဖို့ ကိုလက်စရော အနည်းငယ် လိုပါတယ်။ လူတော်တော်များများမှာက ကိုလက်စရောဓာတ်တွေက လိုတာထက် ပိုနေပြီးတော့ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကိုလက်စရောတွေ များနေတဲ့အခါမှာ ပိုနေတာတွေက သွေးစီးကြောင်းထဲမှာ စုပုံလာပြီးတော့ ဦးနှောက်နဲ့ နှလုံးဆီကိုသွားတဲ့ သွေးစီးဆင်းမှုကို ကန့်သတ်လိုက်ပါတယ်။ ဒါကိုမကုဘဲ ထားမယ်ဆိုရင် နှလုံးတိုက်ခိုက်ခံရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေ အရမ်းများပါတယ်။
ကိုလက်စရောဓာတ် များစေတဲ့တစ်ပိုင်းက မျိုးရိုးလိုက်တာ ဖြစ်ပေမယ့်လည်း ကိုယ့်ရဲ့ကျန်းမာရေးနဲ့မညီတဲ့ နေထိုင်မှုပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသုံးတာက သွေးတွင်းကိုလက်စရောပမာဏကို ကောင်းစေတဲ့ နည်းတစ်နည်းပါပဲ။
>> ဗီတာမင် C နဲ့ ကိုလက်စရော
ဗီတာမင် C များများစားပေးရင် ကိုလက်စရောကို ပုံမှန်ပမာဏပြန်ကျစေပါတယ်။ လေ့လာမှုတွေအရ ဗီတာမင် C ဆေးပြားတွေက နှလုံးရောဂါကို အဖြစ်များစေတဲ့ LDL နဲ့ Triglycerides လို့ခေါ်တဲ့ မကောင်းတဲ့အဆီတွေကို ကျစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်နေ့ကို ဗီတာမင် C 500 mg သောက်ပေးဖို့ လိုပါတယ်။
>> ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေ
ချဉ်တဲ့အသီးတွေကတော့ ဗီတာမင် C ကြွယ်ဝတယ်ဆိုတာကို သိကြပြီးသားပါ။ လိမေ္မာ်ဖျော်ရည် 6 အောင်စမှာ ဗီတာမင် C 93 mg, လိမေ္မာ်သီး တစ်လုံးလုံးမှာ 70 mg ပါဝင်ပါတယ်။ လတ်ဆတ်တဲ့ စတော်ဘယ်ရီ တစ်ခွက်မှာ 85 mg, ပန်းငရုတ်ပွ ခွက်တစ်ဝက်မှာ 95 mg, ကီဝီသီး တစ်လုံးမှာ 64 mg, ချက်ထားတဲ့ ပန်းမုန်လာစိမ်း ခွက်တစ်ဝက်မှာ 51 mg ပါဝင်ပါတယ်။ ခရမ်းချဉ်၊ ဖရဲသီး စတာတွေမှာလည်း ဗီတာမင် C တွေ ပါဝင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)




























