သွေးတွင်းအောက်စီဂျင်တိုင်းစက်
Pulse oximetry လို့ခေါ်တဲ့စက်ဟာ သွေးဖောက်စရာမလို၊ မနာမကျင်နဲ့ သွေးထဲမှာရှိတဲ့ အောက်စီဂျင်ရာခိုင်နှုန်းကို တိုင်းတာနိုင်တဲ့စက်တစ်မျိုးပဲ ဖြစ်ပါတယ်။ နှလုံးနဲ့အဝေးဆုံးနေရာဖြစ်တဲ့ လက်တွေ၊ ခြေတွေထိကို သွေးက အောက်စီဂျင်ကို ဘယ်လောက်ထိ သယ်နိုင်စွမ်းရှိတယ်ဆိုတာကို ရာခိုင်နှုန်း အနည်းအကျဉ်း အပြောင်းအလဲကိုပါ တိုင်းတာနိုင်ပါတယ်။
စက်ဟာ ကလစ်အသေးလေးလိုမျိုးဖြစ်ပြီး လက်ချောင်းတို့၊ နားတို့ကိုညှပ်ပြီး တိုင်းတာရတာပါ။ လက်ချောင်းမှာ တိုင်းတာတာများပြီး ဆေးရုံတို့၊ အရေးပေါ်တို့မှာ သုံးလေ့ရှိပါတယ်။
>> အသုံးပြုပုံနဲ့ ရည်ရွယ်ချက်
အဓိကရည်ရွယ်ချက်ကတော့ နှလုံးကအောက်စီဂျင်တွေ ဘယ်လောက်ထိ ညှစ်ထုတ်ပေးနေနိုင်သလဲဆိုတာ သိချင်တာပါ။
သွေးတွေအောက်စီဂျင်ပမာဏကို သက်ရောက်မှုရှိတဲ့ရောဂါရှိသူလူနာတွေကို ဆေးရုံမှာတိုင်းတာရာမှာ အသုံးပြုလေ့ရှိပါတယ်။ ဘယ်လိုရောဂါမျိုးတွေလဲဆိုရင် -
● နာတာရှည်လေလမ်းကြောင်းပိတ်ရောဂါ
● ပန်းနာရင်ကြပ်ရောဂါ
● အဆုတ်ရောင်နမိုးနီးယား
● အဆုတ်ကင်ဆာ
● သွေးအားနည်းရောဂါ
● နှလုံးညှစ်အားနည်းရောဂါ
● မွေးရာပါနှလုံးချို့ယွင်းချက်များ စတာတွေပါပဲ။
>> အသုံးပြုပုံ
ဆေးရုံမှာရော၊ ပြင်ပလူနာဌာနမှာပါ သုံးနိုင်ပါတယ်။ တစ်ခါတလေ အိမ်မှာပါ ဆရာဝန်က ဝယ်ဆောင်စေတာမျိုးလည်း ရှိပါတယ်။
● အများဆုံးကတော့ လက်ချောင်း၊ ခြေချောင်း၊ နားမှာ စက်ကလေးကို ညှပ်လိုက်ပါတယ်။ သွေး တဒုတ်ဒုတ်တိုးသလို ခံစားရတာကလွဲလို့ မနာမကျင်ပါဘူး။ တစ်ခါတလေ ကပ်ခွာလေးနဲ့ စက်ကလေးကို လက်ချောင်းတို့၊ နဖူးတို့မှာကပ်တာလည်း ရှိပါတယ်။ လက်ချောင်းမှာတိုင်းရင်တော့ လက်သည်းတွေ ဖျက်ခိုင်းမှာပါ။
● သွေးခုန်နှုန်းနဲ့ အောက်စီဂျင်ရာခိုင်နှုန်းကို သိချင်သမျှကာလပတ်လုံး တပ်ထားရမှာပါ။ လှုပ်ရှားနိုင်မှုစွမ်းအားကို သိချင်ရင်တော့ လှုပ်ရှားနေတုန်း တပ်ထားဖို့လိုပါတယ်။
● စမ်းသပ်ပြီးရင်တော့ စက်ကို ဖြုတ်လိုက်ရုံပါပဲ။
>> ဖတ်တဲ့အခါ
အတော်အတန်တိကျတဲ့ စမ်းသပ်မှုတစ်ခုပါပဲ။ ဆေးရုံတွေမှာ သုံးတဲ့စက်မျိုးဆို ပိုတိကျပါတယ်။ တကယ်ရှိတဲ့ပမာဏနဲ့ ၂ ရာခိုင်နှုန်းလောက်သာ ကွာခြားမှုရှိပါတယ်။ တကယ်လို့ ဖတ်တာက ၈၂% ရှိတယ်ဆိုရင် တကယ်ရှိတဲ့ပမာဏက ၈၀-၈၄% ဝန်းကျင်မှာ ရှိနေပါတယ်။ ဒါပေမဲ့ လှိုင်းလေးတွေရဲ့ပုံစံနဲ့ လူနာရဲ့အခြေအနေကိုလည်း ထည့်စဉ်းစားရပါမယ်။ လှုပ်ရှားမှု၊ အပူချိန်၊ လက်သည်းဆိုးဆေး စတာတွေက စက်ရဲ့မှန်ကန်မှုကို မှားယွင်းစေပါတယ်။
ပုံမှန်ဆိုရင် သွေးရဲ့ ၈၉% အထက်ဟာ အောက်စီဂျင်ကို သယ်ဆောင်ရမှာပါ။ ဒီလောက်ပမာဏဟာ ကိုယ်ခန္ဓာနဲ့ဆဲလ်တွေကို ကျန်းမာအောင်ထားနိုင်မယ့်ပမာဏ ဖြစ်ပါတယ်။ ယာယီလောက်ကျတာက ကိုယ်ခန္ဓာကို ကြီးကြီးမားမားပြဿနာမပေးပေမယ့်လည်း တောက်လျှောက်ကျနေပြီဆိုရင်တော့ စိုးရိမ်ရပါတယ်။
၉၅% လောက်ကို ပုံမှန်ပမာဏလို့ သတ်မှတ်လို့ရပါတယ်။ ၉၂% လောက်ဆိုရင် သွေးထဲ အောက်စီဂျင်နည်းနေပြီလို့ ဆိုနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























