သွေးထဲတွင် ကယ်ဆီယမ်ဓာတ် များခြင်း
ကျွန်မတို့ရဲ့ သွားနဲ့ အရိုးများ တည်ဆောက်ဖို့ ခန္ဓာကိုယ်က ကယ်ဆီယမ်ဓာတ်ကို လိုအပ်ပါတယ်။ ထို့ပြင် ကြွက်သားများ လှုပ်ရှားဖို့၊ ဦးနှောက်အချက်ပြစနစ်များ အလုပ်လုပ်ဖို့၊ နှလုံးကောင်းစွာခုန်ဖို့နဲ့ သွေးခဲဖို့အတွက်လည်း ကယ်ဆီယမ်ရဲ့ အခန်းကဏ္႑က အရေးပါလှပါတယ်။ လူတစ်ယောက်ဟာ ပုံမှန် ကယ်ဆီယမ်ပမာဏ ၈.၅ ကနေ ၁၀.၅ mmol/dl အတွင်း ရှိသင့်ပါတယ်။ ထိုထက်မြင့်မားပါက ကယ်ဆီယမ် များနေတယ်လို့ ယူဆပြီ အောက်ပါလက္ခဏာများကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
● မကြာခဏ ဆီးသွားခြင်း၊ ရေငတ်ခြင်း
● နုံးခြင်း၊ အရိုးများ နာခြင်း
● ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်း
● မေ့လွယ်ခြင်း၊ ခေါင်းရှုပ်ထွေးခြင်း
● နုံးခြင်း၊ စိတ်ဓာတ်ကျခြင်း
● ကြွက်သားများ နာခြင်း
အထက်ပါလက္ခဏာများ ဖြစ်ပေါ်ပါက သွေးတွင်းကယ်ဆီယမ်ဓာတ်ကို စစ်ဆေးဖို့ လိုအပ်နေပါပြီ။
>> ဖြစ်ပေါ်စေသည့် အကြောင်းရင်းတွေကတော့ -
(၁) ပါရာသိုင်းရွိုက်ဂလင်းများ လိုတာထက် ပိုအလုပ်လုပ်ခြင်း
(၂) ကယ်ဆီယမ်ပါသော အားဆေးများနဲ့ အစာအိမ်ဆေးများ အလွန်အကျွံ သောက်ခြင်း
(၃) ကင်ဆာရောဂါ
အသက် ၅ဝ အောက် အမျိုးသမီးတွေအတွက် တစ်နေ့ကို ကယ်ဆီယမ် ၁ဝဝဝ မီလီဂရမ် လိုအပ်ပြီး သွေးဆုံးပြီး အမျိုးသမီးများအတွက်ကတော့ ၁၂ဝဝ မီလီဂရမ် လိုအပ်ပါတယ်။
အမျိုးသားများအနေနဲ့ အသက် ၇ဝ အောက်ဆိုပါက ၁ဝဝဝ မီလီဂရမ် လိုအပ်ပြီး အသက် ၇ဝ ကျော်ပါက ၁၂ဝဝ မီလီဂရမ် လိုအပ်ပါတယ်။ ကယ်ဆီယမ်များခြင်းကြောင့် ကျန်းမာရေး ထိခိုက်နိုင်သလို ကယ်ဆီယမ် ချို့တဲ့ပါကလည်း ကျန်းမာရေးပြဿနာများကို ရင်ဆိုင်ရမှာဖြစ်လို့ ကယ်ဆီယမ်ပမာဏကို ပုံမှန် level တွင်း ထိန်းသိမ်းသင့်ပါတယ်။ လိုအပ်သော ကယ်ဆီယမ်ဓာတ်ကို ရရှိစေဖို့ နေ့စဉ် နွားနို့သောက်ခြင်း၊ အစိမ်းရင့်ရောင်အရွက်များ စားခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)




























