/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးပေါင်ကျတတ်သူတွေအတွက်-သွေးပေါင်တက်စေမယ့်-သဘာဝနည်းလမ်း-၉-သွယ်

သွေးပေါင်ကျတတ်သူတွေအတွက် သွေးပေါင်တက်စေမယ့် သဘာဝနည်းလမ်း (၉) သွယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သွေးပေါင်ချိန်လို့ပြောရင် သွေးတိုးတဲ့သူတွေရှိသလို သွေးပေါင်ကျတဲ့သူတွေလည်းရှိပါတယ်။ သွေးတိုးရင် မကောင်းသလို သွေးအရမ်းကျတဲ့အခါမှာလည်း ပြသနာတွေဖြစ်စေနိုင်ပါတယ်။

          တချို့အခြေအနေတွေမှာဆိုရင် သဘာဝနည်းလမ်းလေးတွေနဲ့ သွေးပေါင် ပြန်တက်အောင် လုပ်လို့ရပြီးတော့ ခံစားနေရတဲ့လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ တစ်ခါတလေကျတော့လည်း ဆေးထိုး ဆေးသောက်၊ ကုသမှုတွေခံယူဖို့ လိုနိုင်ပါတယ်။

 

>>    သွေးပေါင်ကျတယ်ဆိုတာ ဘာလဲ?

          သွေးပေါင် 90/60 mmHg အောက် ကျနေတာကို သွေးပေါင်ကျတယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ဆရာဝန်အများစုကတော့ လူနာမှာ သွေးပေါင်ကျနေတဲ့လက္ခဏာတွေ တွေ့မှပဲ ပြဿနာအဖြစ် သတ်မှတ်ပါတယ်။ လက္ခဏာမပြရင် သွေးပေါင်ကျနေလည်း စိုးရိမ်စရာမရှိပါဘူး။ လက္ခဏာပြလာပြီ ဆိုရင်တော့ ကိုယ်အင်္ဂါတွေဆီကို သွေး လုံလုံလောက်လောက် မရောက်ဘူးဆိုတဲ့ လက္ခဏာပါ။

          ဒီလိုဖြစ်တာ ကြာလာတဲ့အခါမှာ သွေးလန့်ခြင်း (Shock), လေဖြတ်ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း စတဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရစေနိုင်ပါတယ်။

 

>>    သဘာဝကုထုံးများ

          သွေးပေါင်ကျတဲ့ လူအများစုကတော့ သွေးပေါင်ပြန်တက်ဖို့အတွက် ဆေးသောက်ဖို့နဲ့ တခြားကုသမှုတွေ ခံယူဖို့ မလိုတာ များပါတယ်။ သွေးပေါင်တက်ဖို့အတွက် သဘာဝနည်းလမ်းတွေ၊ နေထိုင်မှုပုံစံတွေ အများကြီး ရှိပါတယ်။ ဒါတွေကတော့ -

1.      ဆား ပိုစားပါ။

          အများအားဖြင့်တော့ ဆား လျှော့စားပါလို့ မှာလေ့ရှိပေမယ့် သွေးပေါင်ကျတတ်တဲ့သူတွေမှာ သွေးပေါင်တက်စေဖို့ ဆားကို နည်းနည်းလေး ပိုစားပေးသင့်ပါတယ်။

 

2.      အရက်ပါတဲ့ အဖျော်ယမကာတွေ မသောက်ပါနဲ့။

          အရက်က သွေးပေါင်ကို ပိုကျစေတဲ့အတွက် သွေးပေါင်ကျတဲ့သူတွေမှာ အရက် အလွန်အကျွံ မသောက်သင့်ပါဘူး။

 

3.      ကိုယ်သောက်နေတဲ့ဆေးတွေနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးပါ။

          သွေးပေါင်ကျတာက ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် ဆေးအသစ် စသောက်ပြီးမှ သွေးပေါင်ကျတဲ့လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ သေချာတိုင်ပင် ဆွေးနွေးသင့်ပါတယ်။

 

4.      ထိုင်တဲ့အခါမှာ ခြေချိန်ထိုင်ပါ။

          ထိုင်တဲ့အခါမှာ ခြေချိန်ထိုင်ရင် သွေးပေါင်တက်စေပါတယ်။ ဒါကြောင့် သွေးပေါင်ကျတဲ့သူတွေမှာ ဒီလိုထိုင်သင့်ပြီးတော့ သွေးတိုးတဲ့သူတွေအနေနဲ့တော့ သတိထားသင့်ပါတယ်။

 

5.      ရေသောက်ပါ။

          ရေ ပိုသောက်တာက သွေးပမာဏကို တက်စေတဲ့အတွက် သွေးပေါင်ကျတာကို သက်သာစေနိုင်တဲ့ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတစ်ခုပါ။ ဒါက ရေဓာတ် မခမ်းခြောက်အောင်လည်း ကူညီပေးနိုင်ပါတယ်။

 

6.      အစာကို နည်းနည်းနဲ့ မကြာခဏ စားပေးပါ။

          တစ်နေ့လုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားပေးတာကလည်း သွေးပေါင်ကျတာအတွက် ကောင်းပါတယ်။

 

7.      အထူးခြေအိတ် (Compression stockings) တွေ ဝတ်ပါ။

          ဒါတွေက ခြေထောက်မှာ ဖိထားတဲ့အတွက် ခြေထောက်နဲ့ ခြေဖျားတွေမှာ သွေးတွေပုံနေတာကို နည်းစေပြီးတော့ တခြားနေရာတွေကို သွေးရောက်စေပါတယ်။ ပြီးတော့ သွေးကြောထုံးတာအတွက်လည်း ကောင်းပါတယ်။

 

8.      ကိုယ်အနေအထား ရုတ်တရက်ကြီး ပြောင်းတာမျိုး မလုပ်ပါနဲ့။

          သွေးပေါင်ကျတဲ့သူတွေမှာ ရုတ်တရက်ကြီး ထိုင်လိုက်တာ (သို့) ထလိုက်တာတွေကြောင့် ခေါင်းမှာ မိုက်ခနဲ့ဖြစ်သွားတာ၊ မူးဝေသွားတာ၊ မေ့လဲသွားတာတွေ ဖြစ်နိုင်ချေရှိပါတယ်။ ဘာလို့လဲဆိုတော့ ရုတ်တရက်ကြီး ပြောင်းလဲလိုက်တဲ့အခါမှာ နှလုံးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့သွေးပမာဏကို အလုံအလောက် မြန်မြန်ကြီး ညှစ်ထုတ်မပေးနိုင်လို့ပါ။

 

9.      ရောဂါလက္ခဏာတွေကို သတိပြုပါ။

          သွေးပေါင်ကျတာက လက္ခဏာပြမှပဲ ပြဿနာတစ်ခုလို့ သတ်မှတ်ပါတယ်။ လက္ခဏာမပြရင် ဒီအတိုင်း ပုံမှန်လို့ပဲ ပြောလို့ရပါတယ်။ ဒါကြောင့် လက္ခဏာတွေကို သိထားဖို့နဲ့ ဘယ်လိုဆိုရင် ပြဿနာဖြစ်နိုင်တယ်ဆိုတာကို သတိထားဖို့ အရေးကြီးပါတယ်။

 

>>    သွေးပေါင်ကျစေတဲ့ အကြောင်းအရင်းများ

          သွေးပေါင်ကျစေတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ တချို့ကျတော့ သွေးပေါင် ပုံမှန်ပြန်ဖြစ်ဖို့ နောက်ကွယ်က အကြောင်းအရင်းကို ကုသဖို့ လိုပါတယ်။ အဖြစ်များဆုံးသော အကြောင်းအရင်းတွေကတော့ -

●        အာဟာရ ချို့တဲ့ခြင်း

●        အိပ်ရာထဲမှာ နားရတဲ့အချိန် ရှည်ကြာခြင်း

●        ကိုယ်ဝန်ဆောင်

●        ဆေးဝါးများ

●        ပြင်းထန်တဲ့ရောဂါပိုးဝင်ခြင်း

●        ဓာတ်မတည့်ခြင်းများ

●        သွေးပမာဏကျဆင်းခြင်း

●        နှလုံးပြဿနာများ

 

>>    သွေးပေါင်ကျသောလက္ခဏာများ

          ရောဂါလက္ခဏာတွေကတော့ အမြဲပြမှာ မဟုတ်ပါဘူး။ ရောဂါလက္ခဏာ တစ်ချက် (သို့) နှစ်ချက်လောက် ပြပြီဆိုရင် ပြဿနာလို့ ယူဆပြီးတော့ ဆရာဝန်ပြသဖို့ လိုပါတယ်။ လက္ခဏာတွေကတော့ -

●        မူးဝေခြင်း

●        မိုက်ခနဲဖြစ်ခြင်း

●        အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း

●        အမြင်အာရုံဝေဝါးခြင်း

●        ပျို့အန်ခြင်း

●        ပင်ပန်းနွမ်းနယ်၊ မောပန်းခြင်း တို့ဖြစ်ကြပါတယ်။

          တချို့လူတွေမှာ မတ်တပ်ရပ်လိုက်တဲ့အခါမှ သွေးပေါင်ကျတဲ့လက္ခဏာကို ခံစားရတာ ရှိပါတယ်။ ဒါကို orthostatic hypotension လို့ ခေါ်ပါတယ်။ ပုံမှန်အားဖြင့် ဒါက ခန္ဓာကိုယ် အနေအထားပြောင်းလိုက်လို့ သွေးပေါင် ရုတ်တရက်ကြီး ပြုတ်ကျပြီးတော့ မေ့လဲသွားတာမျိုး မဖြစ်မချင်း အန္တရာယ်မရှိပါဘူး။

          အရမ်းပြင်းထန်လာရင်တော့ သွေးပေါင်ကျပြီးတော့ shock ရနိုင်ပါတယ်။ ဒါကတော့ အရေးပေါ်အခြေအနေဖြစ်လို့ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရပါမယ်။

          Shock ရတဲ့ လက္ခဏာတွေကတော့ -

●        အသက်ရှူမြန်ခြင်း (သို့) အသက်ကို တိမ်တိမ်လေးရှူခြင်း

●        အရေပြားတွေ အေးစက်နေခြင်း

●        ဘာမှန်းမသိတော့ခြင်း

●        နှလုံးခုန်မြန်ခြင်း

●        သွေးခုန်နှုန်း အားပျော့ခြင်း တို့ ဖြစ်ကြပါတယ်။ ဒီလက္ခဏာတွေတွေ့ပြီ ဆိုရင်တော့ နီးစပ်ရာဆေးရုံကိုသာ အမြန်သွားပါတော့။

 

>>    အခြားသိမှတ်စရာအချက်များ

          ဒီလိုသဘာဝနည်းလမ်းတွေနဲ့ အဆင်မပြေတဲ့သူတွေအနေနဲ့ ဆရာဝန်နဲ့ ပြသပြီးတော့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

          ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

●        လေးလံတဲ့အရာတွေကို မ,မပါနဲ့။

●        တစ်နေရာတည်းမှာ အကြာကြီး မတ်တပ်ရပ်တာမျိုးတွေ မလုပ်ပါနဲ့။

●        ခုတင်ခေါင်းရင်းဘက်ကို မြှင့်ထားပါ။

●        ရေပူနဲ့ အကြာကြီး ထိတွေ့တာ ရှောင်ပါ။

●        လေ့ကျင့်ခန်း လုပ်တဲ့အခါ (သို့) ပူတဲ့နေ့တွေမှာ အရည်များများ ပိုသောက်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)