သွေးပေါင်ချိန် ဘယ်လောက်ရှိသင့်လဲ
ဆရာဝန်သွားပြရင် သွေးပေါင်ချိန် တိုင်းတာကို အတော်များများ ကြုံဖူးကြမှာပေါ့။ ဒါပေမဲ့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိသူတော့ရှားပါလိမ့်မယ်။ ဒါကြောင့် ဘာကြောင့် သွေးပေါင် တိုင်းရတယ်၊ ဘယ်လိုတိုင်းရတယ်၊ ဘယ်လောက်ကို ပုံမှန်လို့ခေါ်တယ်၊ သွေးတိုးရင် ဘာလုပ်ရမယ်ဆိုတာ အကုန်ပြောပြသွားမယ်နော်။
>> ပုံမှန်အားဖြင့် သွေးပေါင် ဘယ်လောက်ကို ပုံမှန်လို့ ပြောမလဲ?
တကယ်လို့
● အပေါ်သွေး ၁၄၀mmHg နဲ့ အထက်
● အောက်သွေး ၉၀mmHg နဲ့ အထက်
တက်နေတယ်ဆိုရင် သွေးတိုးနေတယ်လို့ ပြောနိုင်ပါတယ်။
ဒါပေမဲ့ ဘယ်လောက်ဆို သွေးပေါင်ကျနေတယ်ဆိုတာကိုတော့ သတ်မှတ်ရခက်ပါတယ်။ လူတစ်ယောက် တစ်ယောက်စီရဲ့ ပုံမှန်ရှိနေကျ သွေးပေါင်ချိန်နဲ့ပဲ ဆိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ကွဲပြားမှုတွေရှိကြတယ်။ ယေဘုယျအားဖြင့်တော့ ၉၀/၆၀mmHg အောက်ဆိုရင် သွေးပေါင်ကျတယ်လို့ ပြောနိုင်ပါတယ်။
>> သွေးပေါင်အတိအကျရနိုင်ဖို့ ဘယ်လိုတိုင်းရမလဲ?
သွေးတိုးနေတယ်လို့ ပြောဖို့အတွက် အချိန်ခြားပြီး မကြာမကြာ တိုင်းကြည့်ဖို့လိုပါတယ်။
သွေးမတိုင်းခင် ၂ နာရီလောက်အတွင်း ဆေးလိပ် မသောက်၊ ကော်ဖီ မသောက်ဖို့ တိုက်တွန်းတတ်ကြတယ်။ သွေးပေါင်ကို တက်နေစေနိုင်တဲ့ အချက်တွေမို့ပါ။ မောပန်းနေရင်လည်း သွေးပေါင်ချိန် မမှန်တတ်လို့ ခဏနားပြီးမှ တိုင်းသင့်ပါတယ်။
အိမ်မှာ မိမိဘာသာ သွေးပေါင် တိုင်းတာ၊ ၂၄ နာရီ သွေးပေါင်တိုင်းတာမျိုးက သွေးတိုးရောဂါကို ရှာရာမှာ အရေးပါ,ပါတယ်။
၂၄ နာရီ သွေးပေါင်ချိန် တိုင်းတယ်ဆိုရာမှာ အလိုအလျောက်တိုင်း သွေးပေါင်ချိန်စက်ကို တပ်ထားပြီး ပုံမှန်အတိုင်း ၂၄ နာရီ နေရပါတယ်။ ဒီ ၂၄ နာရီအတွင်းမှာ စက်က သူ့အလိုလို သွေးပေါင်တိုင်းနေလိမ့်မယ်။ ပြီးတော့ ဒီ ၂၄ နာရီအတွင်းမှာ လုပ်ကိုင်သမျှတွေနဲ့ ခံစားရသမျှကို ဆရာဝန်က မေးမြန်းပါလိမ့်မယ်။ သွေးပေါင်ဟာ တိုင်းတဲ့အချိန်နဲ့ နေရာပေါ်လိုက်ပြီး အမျိုးမျိုး ပြောင်းလဲနေပါလိမ့်မယ်။
ပုံမှန်အချိန်တိုင်းရင် မတက်ဘဲ ဆရာဝန်၊ ဆေးခန်းမှာတိုင်းမှ တက်နေတာကို white coat hypertension ဆေးခန်းကြောက် သွေးပေါင်တက်ခြင်းလို့ ခေါ်တယ်။
ပြောင်းပြန်အနေနဲ့ ဆရာဝန်ဆီမှာ ပုံမှန်ပေမယ့် ၂၄ နာရီတိုင်းကြည့်တော့ တက်နေတာမျိုးလည်း ရှိနိုင်ပါသေးတယ်။
>> သွေးပေါင် ဘယ်လောက်မှာ ထိန်းမလဲ?
နှလုံးနဲ့ သွေးကြောရောဂါတွေ ရှိ/မရှိ၊ သွေးတိုးကြောင့်ဖြစ်တဲ့ တခြားရောဂါတွေ ရှိ/မရှိပေါ်မှာ မူတည်ပြီး သွေးပေါင်ကို ဘယ်လောက်မှာ ထိန်းမလဲဆိုတာ ဆုံးဖြတ်ရပါတယ်။
သွေးတိုးတာဟာ နှလုံးနဲ့ သွေးကြောရောဂါတွေရဲ့ အဓိကဖြစ်စေတဲ့ အကြောငး်ရင်းတစ်ချက် ဖြစ်နေတယ်။ ဒါကြောင့် သွေးတိုးလေလေ၊ နှလုံးနဲ့ လေဖြတ်ဖို့ အခွင့်အလမ်း များလေလေပါ။ အဲဒါကြောင့် သွေးပေါင် မှန်မှန်ချိန်ဖို့အရေးကြီးပြီး သွေးတိုးကျဆေးတွေ မှန်မှန်သောက်ရပါမယ်။
>> သွေးပေါင်ထိန်းဖို့အတွက် သွေးကျဆေး သောက်တာအပြင် -
● ကိုယ်အလေးချိန်ချခြင်း
● မှန်မှန်လေ့ကျင့်ခန်းလုပ်ခြင်း
● ဆေးလိပ်ဖြတ်ခြင်း
● စားသောက်ပုံပြောင်းလဲခြင်း (အရက်နဲ့ ဆား လျှော့ခြင်း၊ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားသောက်ခြင်း)
စသဖြင့် လူနေမှုပုံစံတွေပြောင်းလဲဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























