/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးဖြူဥနည်းခြင်းနဲ့-ဖျားနာခြင်း

သွေးဖြူဥနည်းခြင်းနဲ့ ဖျားနာခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>  ဖျားနာခြင်းဆိုတာ
ပုံမှန်ထက်ကို ကိုယ်အပူချိန်တက်နေတာကို ဖျားနာတယ်လို့ခေါ်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက် ပုံမှန်ကိုယ်အပူချိန် မတူညီတတ်ကြပါဘူး။ ဒါကြောင့်  တကယ် ဖျား၊ မဖျားကို သေချာစစ်ဆေးဖို့ လိုပါတယ်။
ဖျားတယ်ဆိုတာ ရောဂါပိုးဝင်လို့ဖြစ်တာ များပါတယ်။ တခြားအကြောင်းရင်းတွေအနေနဲ့ကတော့ ရောင်ရမ်းတာ၊ ဆေးတုံ့ပြန်မှုဖြစ်တာ၊ အကျိတ်ကြီးထွားမှုဖြစ်တာ စတာတွေကြောင့် ဖြစ်နိုင်ပါသေးတယ်။ တစ်ခါတလေ ဘာကြောင့်ဖျားတယ်ဆိုတာ ရှာရလွယ်ကူပါတယ်။ ပိုးဝင်တဲ့အခါမျိုးမှာ ဝင်လာတဲ့ပိုးကို ခုခံအားကတိုက်ခိုက်တာကြောင့် အဖျားဝင်တာပါ။ ဖျားတယ်ဆိုတာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ရာမှာပါဝင်တဲ့ သဘာဝတုံ့ပြန်မှုတစ်ခုပါ။
ကင်ဆာကုထုံးယူနေတဲ့သူတွေမှာ ရောဂါပိုးဝင်နိုင်ခြေ ပိုများပါတယ်။ ကင်ဆာကုထုံးကြောင့် ရောဂါပိုးမွှားတွေကို တိုက်ခိုက်မယ့် သွေးဖြူဥပမာဏ လျော့နည်းသွားလို့ပါပဲ။
ဖျား၊ မဖျား သေချာသိချင်ရင် အဖျားတိုင်းသာမိုမီတာနဲ့ အဖျားတိုင်းကြည့်ပါ။ ဘယ်လိုသာမိုမီတာက အကောင်းဆုံးလဲဆိုတာကို ဆရာဝန်နဲ့တိုင်ပင်ပါ။ ဒီလိုလက္ခဏာတွေရှိရင် အဖျားတိုင်းကြည့်ဖို့ အရေးကြီးပါတယ်။
●  ကိုယ်ခန္ဓာပူနေတာ
●  နွေးတွေးတွေးဖြစ်နေတာ
●  နုံးနေတာ
●  ခေါင်းကိုက်နေတာ
●  အေးစိမ့်စိမ့်ဖြစ်နေတာ
●  ချမ်းတုန်နေတာ
●  ကိုယ်လက်ကိုက်ခဲနေတာ
●  အရေပြားမှာ အနီကွက်တွေပေါ်တာ
●  တစ်နေရာရာမှာ နီနေ၊ ရောင်နေတာ
●  ဒဏ်ရာတို့၊ တခြားတစ်နေရာရာတို့ကနေ ပြည်တွေထွက်နေခြင်း
●  ချောင်းဆိုးခြင်း၊ မောခြင်း
●  ဗိုက်နာခြင်း
●  ဆီးပူခြင်း၊ ဆီးပေါက်ရင်နာခြင်း
●  လည်ချောင်းနာခြင်း
●  စိတ်ရှုပ်ထွေးနေခြင်း၊ မေ့မေ့နေတတ်ခြင်း၊ ကိုယ့်ဟာကိုယ် ဘယ်ရောက်လို့ရောက်နေမှန်းမသိခြင်း

>>  သွေးဖြူဥကျပြီး ဖျားခြင်း
ကင်ဆာသမားတွေမှာ သွေးဖြူဥကျတဲ့အခါ အဖျားတက်ပြီးလာတာဟာ ရောဂါပိုးဝင်ခြင်းရဲ့ ပထမဆုံးနဲ့ တစ်ခါတလေ တစ်ခုတည်းသောလက္ခဏာ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် ဆရာဝန်က စစ်ဆေးကြည့်ပြီး ပိုးဝင်တာအတွက် ကုသမှုကို ချက်ချင်း စတင်လို့ရပါတယ်။ ကုတာကလည်း ရောဂါပိုး ရှိ၊ မရှိကို မစစ်ဆေးရသေးခင်ကတည်းက ပိုးသတ်ဆေး စထားလို့ရပါတယ်။

>>  လူနာအနေနဲ့ ဘာတွေလုပ်လို့ရမလဲ?
●  ပူရှိန်းရှိန်း၊ အေးစိမ့်စိမ့်ဖြစ်နေပြီဆိုရင်  ၂-၃ နာရီခြား တစ်ခါလောက် အပူချိန်တိုင်းပေးပါ။ အဖျားရှိနေပြီဆိုရင်တော့ ဆရာဝန်ကို ပြောပါ။ ဆရာဝန်က ချက်ချင်းလာပြဖို့လိုမလား၊ အိမ်မှာပဲစောင့်ပြီး အပူတိုင်းနေဖို့လိုမလားဆိုတာကို ပြောပြပါလိမ့်မယ်။
●  အပူချိန်တွေကို မှတ်ထားပေးပါ။
●  အရည်တွေ အများကြီးသောက်ပါ။ (ရေ၊ အသီးဖျော်ရည်၊ ရေခဲထုတ်၊ စွပ်ပြုတ်စသဖြင့်)
●  ကောင်းကောင်းအနားယူပါ။
●  ပူနေရင် နဖူးမှာ ရေပတ်ဝတ်ကပ်ပေးပါ။
●  ဆရာဝန်ကို မတိုင်ပင်ဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် အပူကျဆေးမသောက်ပါနဲ့။ အပူသာကျသွားပေမယ့် ရောဂါပိုးတွေကိုတော့ သေစေမှာမဟုတ်ဘူးနော်။

>>  လူနာစောင့်အနေနဲ့ ဘာတွေလုပ်ပေးလို့ရမလဲ?
●  ချမ်းတုန်နေလားဆိုတာ စောင့်ကြည့်ပြီး ချမ်းတုန်နေတာ သက်သာသွားတာနဲ့ အပူပြန်တိုင်းကြည့်ပါ။
●  လူနာရဲ့အပူချိန်ကို ပါးစပ်ထဲမှာဖြစ်စေ၊ ချိုင်းကြားမှာဖြစ်စေထားပြီး တိုင်းကြည့်ပါ။ (စအိုကနေ တိုင်းတာမျိုးတော့ မလုပ်ပါနဲ့။) အဖျားရှိနေရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
●  အရည်များများတိုက်ပါ။ မုန့်တွေကျွေးပါ။
●  ညွှန်းထားတဲ့အချိန်အတိုင်း ဆေးတိုက်ပေးပါ။
●  အဖျားရှိနေသူ၊ ဝမ်းလျှောနေသူ၊ ချောင်းဆိုးနေသူ၊ တုပ်ကွေးရှိနေသူ ဧည့်သည်တွေကိုလည်း နေပြန်ကောင်းတဲ့အချိန်အထိကို ဖုန်းနဲ့သာ သတင်းမေးပါစေ။

Dr. Mya Phoo Ngon (www.drmyanmar.com)